မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် (၄၆)ကြိမ်မြောက် သွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၄

(၄၆)ကြိမ်မြောက် သွေးလှူရှင်များဂုဏ်ပြုပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီရုံး မြို့တော်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ စေတနာသွေးလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုသွေးလှူရှင်များမှာ နေပြည်တော်နှင့်အထက် အရပ်ဒေသများမှ အကြိမ် (၄၀) နှင့်အထက် ယခင် (၄၅) ကြိမ်မြောက် ဂုဏ်ပြုပွဲအခမ်းအနားတွင် တက်ရောက်ပြီးနောက်ပိုင်း အနည်းဆုံး (၅) ကြိမ် လှူဒါန်းထားပြီးသူများ၊ တစ်ကြိမ်ထပ်မံ လှူဒါန်းပြီးသော အကြိမ် (၁၀၀) နှင့်အထက် သွေးလှူရှင်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်ပေးသည့် လူမှုထူးချွန်တံဆိပ်ရရှိသော သွေးလှူရှင်များဖြစ်ပါကြောင်း၊ မန္တလေးပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်၌ ၂၀၂၃ ခုနှစ်က ကြိုတင်လှူဒါန်းသူ ၁၀,၄၅၆ ဦး၊ လိုအပ်၍ လာရောက် လှူဒါန်းပေးသူ ၁၁,၁၈၈ ဦး ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်က ကြိုတင်လှူဒါန်းသူ ၁၃,၄၅၉ ဦး နှင့် လိုအပ်၍ လာရောက်လှူဒါန်းပေးသူ ၁၁,၂၂၆ ဦးရှိခဲ့ရာ ကြိုတင်လှူဒါန်းပေးသူများ ပိုမိုတိုးတက်လာသည်ကို တွေ့ရှိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယခုအခါမန္တလေးပြည်သူ့ဆေးရုံကြီးတွင် ကျောက်ကပ်အစားထိုးခွဲစိတ်မှုကို ပညာရှင်များမှ အောင်မြင်စွာ ဆောင်ရွက်ပေးနေပြီ ဖြစ်ပါကြောင်းနှင့် သွေးအသုံးပြုမှုများသည့် ကုသမှုများတွင် အရည်အသွေးပြည့်မီသည့် သွေးနှင့်သွေးပစ္စည်းများဖြင့် ကုသမှုပြုရသည့်အတွက် ကြိုတင်လှူဒါန်းပေးသည့် သွေးလှူရှင်များမရှိပါက လူနာများအတွက် အမှန်တကယ်လိုအပ်သည့်ကုသမှုကို ခံယူနိုင်မည်မဟုတ်ပါကြောင်း၊ သွေးလှူရှင်များအနေဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်တွင် ထိုကဲ့သို့ မွန်မြတ်သောလှူဒါန်းသည့် အလေ့အကျင့်ကောင်းများပြန့်ပွားအောင် ဆက်လက်ကူညီပေးပါရန်လည်း တိုက် တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က လူမှုထူးချွန်တံဆိပ် (တတိယအဆင့်) ရရှိသော သံဃာတော်နှင့် သွေးလှူရှင်သံဃာတော်များအား ဂုဏ်ပြုဆုတံဆိပ်နှင့် မှတ်တမ်းလွှာများ ဆက်ကပ်ပြီးနောက် အကြိမ် (၁၀)နှင့် အထက် သွေးလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရပစ္စည်းများကိုလည်းကောင်း၊ ကုသရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် ကျန်းမာရေးနှင့်လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အကြိမ် (၁၀) နှင့်အထက် သွေးလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရပစ္စည်းများကိုလည်းကောင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက အကြိမ် (၄၀) နှင့်အထက်မှ (၉၉) ကြိမ်ထိ သွေးလှူရှင် ၄၇ ဦး အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရပစ္စည်းများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းနိုင်