ဒဂုံမြောက် ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက် ပြည်ထောင်စုလမ်းရှိ ပြည်ကြီးချမ်းသာမဟာစေတီတော်ကြီး (မြို့ဦးစေတီ)ရှိ သန္တိသုခဓမ္မာရုံတွင် မြို့နယ်သာသနာ့ဗိမာန်တည်ဆောက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်သာသနာ့ဗိမာန်တည်ဆောက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို နမောဒဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ စေတီတော်ဩဝါဒစရိယအနန္တဂုဏ်ရည်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တသူရိယက ယခင်သံဃနာယကဆရာတော်ကြီးများ၏ လမ်းညွှန်မှုကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး စေတီတော်ကြီးအတွင်း အနောက်ဘက်မုဒ်တွင် တည်ဆောက်ရန်ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ သာသနာ့ဗိမာန်တော်ကြီးကို အလျား ၂၀၀ ပေ၊ အနံ ၈၀ ပေဖြင့် ဆောက်လုပ်နိုင်ရန်၊ မြန်မာမှုလက်ရာများဖြင့် တည်ဆောက်သွားရန်၊ ယခုအစည်းအဝေးတွင် ဆပ်ကော်မတီဖွဲ့စည်းနိုင်ရန် အကြံပြုဆွေးနွေးကြရန်နှင့် နောက်အစည်းအဝေးတွင် ဆရာတော်ကြီးများအား ချပြသွားမည်ဖြစ်ကြောင်း စိတ်၊ ဆန္ဒ၊ ဝီရိယတို့ဖြင့် ဆောင်ရွက်ပါက အောင်မြင်မည်ဟု ယုံကြည်ပါကြောင်းမိန့်ကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းမှ သာသနာ့ဗိမာန်တည်ဆောက်နိုင်ရေးနှင့်စပ်လျဉ်း၍ဆောင်ရွက်မည့် သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ အကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။
မြင့်မြင့်ရီ