ပုသိမ်ကြီး ဖေဖော်ဝါရီ ၂၄
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်း၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့်အဖွဲ့ဝင်များလိုက်ပါလျက် ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁၀ နာရီက ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် (ပူးတွဲတာဝန်) ပါမောက္ခဒေါက်တာခင်ဝင်းစိန်၊ ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာ လင်းထက်မြင့်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ/ ဆရာမများနှင့် ဝန်ထမ်းများအား တွေ့ဆုံခဲ့သည်။
ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များအတွက် သင်ကြားရေးဆရာ/ဆရာမများ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်၏ ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်နိုင်ရန်အတွက် ပညာရပ်ပိုင်းဆိုင်ရာ လက်တွေ့ကျွမ်းကျင်မှုရှိစေရန် သင်ကြားရေးဆေးရုံများ၏ လုပ်ငန်းခွင်၌ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန်၊ ကုသရေးဦးစီးဌာနနှင့် ညှိနှိုင်း၍ လက်တွေ့သင်ကြားရေးကို ပိုမိုသင်ကြားစေလိုကြောင်း၊ ဆရာဆရာမများအနေဖြင့် မိမိ၏ အရည်အချင်းများ ပြည့်ဝစေရန် အစဥ်ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းရေးရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အခမ်းအနားသို့ ဆေးတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာမျိုးသက်တင်၊ မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇာနည်ကိုကို