သထုံ ဖေဖော်ဝါရီ ၂၄
၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး၌ တတိယဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော သထုံမြို့၊ ရန်အောင်မြင်တိုက်၊ လမ်းမတော်ကျောင်းမှ အရှင်ခေမာသိရီ (သာသနဓဇဓမ္မာစရိယ) အရှင်သူမြတ်အား ချီးကျူးဂုဏ်ပြုပူဇော်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ အရှင်သူမြတ်အား ပူဇော်ပွဲကျင်းပရေးအဖွဲ့မှ ကြိုဆိုပင့်ဆောင်ကြပြီး သဒ္ဒမဇောတိကာရာမကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဗဟိုသံဃာ့ဝန်ဆောင် ဘန္ဒန္တသုမနာဘိဝံသထံမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် ဧည့်ပရိသတ်အပေါင်းတို့က သီလခံယူဆောက်တည်ကြသည်။
ယင်းနောက် ပူဇော်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌဦးရဲထွဋ်က ဂုဏ်ပြုပူဇော်ပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားပြီး ကျင်းပရေးအဖွဲ့ဝင်တစ်ဦးက တတိယဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော အရှင်ခေမာသိရီ (သာသနဓဇဓမ္မာစရိယ) အရှင်သူမြတ်၏ ထေရုပ္ပတ္တိ(အကျဉ်း)အား ဖတ်ကြားကာ တေးသံရှင်တို့က အရှင်သူမြတ်အား ဂုဏပူဇာတေးသီချင်းတို့ဖြင့် ဂုဏ်ပြုပူဇော်သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဆရာတော်ကြီးများထံ လှူဖွယ်များ ဆက်ကပ်လှူဒါန်းကြကာ အလှူရှင်အသီးသီးတို့က တတိယဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော အရှင်သူမြတ်အား ဓမ္မပူဇာ အလှူငွေများ လှူဖွယ်ပစ္စည်းများဖြင့် ဂုဏ်ပြုပူဇော်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုတို့အတွက် ရေစက်ချအနုမောဒနာတရား နာကြားခဲ့ကြသည်။
အဆိုပါ ဂုဏ်ပြုပူဇော်ပွဲသို့ သထုံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်