တွံတေးမွေးမြူရေးဇုန်သို့ မွေးမြူရေးသိပ္ပံသင်တန်းသား/သင်တန်းသူများ လက်တွေ့ကွင်းဆင်းကုသခြင်းနှင့် ပညာပေးဟောပြောခြင်းလုပ်ငန်းများဆောင်ရွက်

တွံတေး ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မွေးမြူရေးဇုန်သို့ ဒေါက်တာရန်နိုင်ဦးဦးဆောင်သော မွေးမြူရေးသိပ္ပံသင်တန်းသား၊ သင်တန်းသူ ၂၄ ဦးသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်က တွံတေးမွေးမြူရေးဇုန် ရှင်းလင်းဆောင်သို့ လက်တွေ့ကာကွယ်ကုသခြင်းနှင့်ပညာပေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိလာကြောင်း သိရသည်။

ဦးစွာ မွေးမြူရေးရှင်းလင်းဆောင်တွင် ရန်ကုန်တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဒေါက်တာမင်းညွန့်ဦးက မွေးမြူရေးဇုန်ထူထောင်ရခြင်း၏ ရည်ရွယ်ချက်၊ မွေးမြူသူများလိုက်နာရမည့်စည်းကမ်းနှင့်အချက်အလက်များ ဆွေးနွေးရှင်းလင်းခဲ့သည်။ ယင်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်မြို့နယ်ဦးစီးမှူးများက မွေးမြူရေးဇုန်အတွင်း မွေးမြူထားသောတိရစ္ဆာန်များနှင့် ၎င်းတို့၏ ထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဒေါက်တာရန်နိုင်ဦး ဦးဆောင်သော ကွင်းဆင်းကာကွယ်ကုသရေးအဖွဲ့သည်  မွေးမြူရေးဇုန်အတွင်းရှိ နွားမွေးမြူရေး၊ ကြက်မဲမွေးမြူရေးနှင့် ငုံးမွေးမြူရေးခြံများသို့ သွားရောက်ပြီး ကာကွယ်ကုသရေးလုပ်ငန်းများနှင့် ပညာပေးဟောပြောခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ နွား(၂၄)ကောင်အား ခေါင်းပုပ်၊ လက်ပုပ်ကာကွယ်ဆေးထိုးနှံခြင်း၊ နွား ၂၅ ကောင်အား ကုသဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ယင်းနောက် နေ့လည်ပိုင်းတွင် တွံတေးမြို့နယ် ဘုရားကြီးကျေးရွာရှိ BOSS နို့ပေါင်းနှင့်ဒိန်ချဥ်စက်ရုံတွင် နို့ထွတ်ပစ္စည်းထုတ်လုပ်မှုကို သွားရောက်ကွင်းဆင်းလေ့လာခဲ့ကြပြီးနောက် ကွမ်းခြံကုန်းမြို့နယ် နေကြာစံပြဧက(၁၀၀)စိုက်ခင်းတွင်း ပျားနှင့်ဝတ်မှုန်ကူးခြင်း ဝန်ဆောင်မှုပေးဆောင်ရွက်နေမှုအား လက်တွေ့လေ့လာခဲ့ကြကြောင်း သိရှိရသည်။

တွံတေးသား