ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း တောင်ကြီးမြို့နယ်၊ ကျောက်နီ မွေးမြူရေးဇုန်နှင့် ရှမ်းရိုးမမွေးမြူရေးဇုန်(၁)တွင် မွေးမြူရေးဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စုအတွင်းရှိ ကျောက်နီမွေးမြူရေးဇုန်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက် (၉) နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသည် ကျောက်နီမွေးမြူရေးဇုန်အဝင် ပိုးသတ်ဆေးဖျန်းဂိတ်၊ ပိုးသတ်ဆေးရည်စိမ်ကန်တည်ဆောက်ပြီးစီးမှု၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်း၊ ဒုတိယပြည်နယ်မှူး ဦးသိန်းဝင်းနှင့် တာဝန်ရှိသူများက Transformer  တည်ဆောက်မည့် မြေနေရာ လျာထားဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံပြသခဲ့သည်။

ထို့နောက် မွေးမြူရေးဇုန်အတွင်းရှိ ရှင်းလင်းဆောင်သို့ရောက်ရှိရာ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ဝင်းဇင်မောင်နှင့် တောင်ကြီးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ အောင်မင်းထွန်းတို့က မွေးမြူရေးဇုန်အတွင်း ဆောင်ရွက်ထားရှိသည့် ပိုးသတ်ဆေးဖျန်းဂိတ်ဆောက်လုပ်ခြင်း၊ တိရစ္ဆာန်အစာပင်မြက်မျိုးများစိုက်ပျိုးခြင်း၊ စက်ရေတွင်းတူးဖော်ခြင်းနှင့် မွေးမြူရေးဇုန်ပတ်လည်တွင် အရိပ်ရအပင်များ စိုက်ပျိုးနိုင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက မွေးမြူရေးဇုန်အတွင်းရှိ မြေလပ်များပေါ်တွင် စိုက်ပျိုးသီးနှံများကို ရာသီနှင့်ကိုက်ညီမည့်သီးနှံများ စိုက်ပျိုးနိုင်ရေး၊ နွားကောင်ရေ တိုးမြှင့်မွေးမြူနိုင်ရေး၊ ဇုန်နယ်မြေအတွင်း လျှပ်စစ်မီးအမြန်ရရှိရေးစသည့် လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ် သည်များကို လမ်းညွှန်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် မွေးမြူရေးဇုန်အတွင်းရှိ Super Seven Stars Agri-tech Company Limited နို့စားနွားမွေးမြူရေးခြံရှိ နို့စားနွားထပ်မံရောက်ရှိမှု အခြေအနေနှင့်  အလျား (၁၂၀၀) ပေ၊ အနံ (၁၀၀) ပေ အကျယ်အဝန်းရှိ နွားမွေးမြုရေးခြံအမှတ် (၁) အဆောက်အဦ တည်ဆောက်နေမှုများအား လှည့်လှည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့ရှိ ရှမ်းရိုးမ မွေးမြူရေးဇုန် (၁) အစည်းအဝေးခန်းမ၌ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဒေါက်တာ ဝင်းဇင်မောင်က ရှမ်းရိုးမမွေးမြူရေးဇုန်အတွင်း ပိုးသတ်ဆေးဖျန်းဂိတ် ဆောက်လုပ်ခြင်း၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးပေးနိုင်ရေးနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်ဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းရိုးမမွေးမြူရေးဇုန် (၁) အတွင်းရှိ ဦးသန်းထွန်း မွေးမြူထားသော အဆင့်မြင့်ကြက်မွေးမြူရေးခြံသို့ လှည့်လှည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေး တည်ဆောက်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှု့ရာ စက်မှုဇုန် ဥက္ကဋ္ဌ ဒေါက်တာ ဦးစိုင်းလုံနှင့်တာဝန်ရှိသူများက တည်ဆောက်မည့်မြေနေရာ လျာထားဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံပြသခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)