ခရမ်း ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာမောင်ကျေးဇူး၏ "ဘဝနေတတ်မှု အနုပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နေ့လယ် (၂) နာရီက ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုဦးစီးမှူးဒေါ်အိအိငြိမ်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းနွေးပြီး Book Club အဖွဲ့ဝင် ဦးမင်းဦးက စာရေးဆရာ မောင်ကျေးဇူး၏ " ဘဝနေတတ်မှု အနုပညာ " စာအုပ်တွင် ကိုယ့်ဘဝအကောင်းဆုံး ဖြစ်လာဖို့ဆိုရင် ကိုယ်ဖြစ်စေလိုတဲ့ လူဖြစ်လာရေးအတွက် ကိုယ်ရဲ့ကိုယ်ရည်သွေး လမ်းပွင့်စေတဲ့ အနုပညာဖြစ်ကြောင်း၊ ဘဝခရီးစရမယ့် နေရာကောင်းက ကိုယ်ကိုတိုင်ပင်ဖြစ်ပြီး ကိုယ်ရဲ့ကံကြမ္မာကို ယုံကြည်မှုရှိဖို့လိုကြောင်း၊ ယုံကြည်ချက်နှင့် လုပ်ဆောင်သူအဖို့ အရာအားလုံးဖြစ်နိုင်ကြောင်း၊ ကိုယ်ကိုတိုင်က စတင်ပြောင်းလဲတတ်ဖို့လိုကြောင်းနှင့် အောင်မြင်မှုသော့ချက်များအကြောင်း ရေးသားထားသော စာအုပ်ဖြစ်ပါကြောင်း၊ စာအုပ်ပါအကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ Women Club အဖွဲ့ဝင် ဒေါ်ဆွေဆွေမြင့်က အသေးအဖွဲကလေးကအစ ယဉ်ကျေးပျူငှာ ကိုယ်နှုတ်အမူအရာ ရှိဖို့လိုကြောင်း၊ သူတစ်ပါးပြောသည်ကို ကိုယ်ချင်းစာ၍ နားထောင်ပေးရန်နှင့် နှလုံးသားက နားလည်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ အပြုံးတစ်ချက်သည် အလွန်စွမ်းပကားရှိပြီး နူးညံ့သိမ်မွေ့ညင်သာခြင်းသည် လူကြီးလူကောင်း၏ အင်္ဂါရပ်ဖြစ်ကြောင်း၊ ဘဝတွင် အခက်အခဲ၊ အကျပ်အတည်းနှင့် ကြုံတွေ့ရပါက ကြောက်ရွံ့ထိတ်လန့်နေစရာမလိုဘဲ စိတ်ကူးသစ်၊ ပုံစံသစ်၊ နည်းလမ်းသစ်များရှာဖွေပြီး အနိုင်ယူတတ်ရန်အတွက် အခွင့်အရေးကောင်းတစ်ခုပင်ဖြစ်ကြောင်း စိတ်အားတက်ကြွဖွယ် ရေးသားထားသော စာအုပ်ဖြစ်ပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ခရမ်း (ပြန်/ဆက်)