ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့မှ ကြီးမှူးကျင်းပသော ဆဋ္ဌမအကြိမ်မြောက် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၌ ကျင်းပရာ ဩဝါဒါစရိယဆရာတော်ကြီးများ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ ဂန္ထဝါစကစာချဆရာတော်များ၊ ပါဠိပထမပြန်စာမေးပွဲကြီးကြပ်ရေးဆရာတော်များ၊ စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး ဗုဒ္ဓရောင်ခြည်တော်ဘွဲ့ ထူးမခြားနားသီချင်းခံသုံးပိုဒ်ဖြင့် သီဆိုတီးခတ်ပူဇော်သည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သာယာကုန်းကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တဝါသဝအရှင်သူမြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး ဇမ္ဗူသီရိမြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင်၊ ရှားတောကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တဥတ္တရ အရှင်သူမြတ်ထံမှ သာရဏီယဩဝါဒကထာ နာယူကြသည်။
ယင်းနောက် အလှူရှင်များက နဝကမ္မအလှူတော်ငွေများ ပေးအပ်လှူဒါန်းကြရာ သာသနဥပတ္ထမ္ဘကအဖွဲ့တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုများ၊ စာအောင်ဆုများ ဆက်ကပ်လှူဒါန်းပြီး သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ်နှင့် ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲအောင် ကျောင်းသား၊ ကျောင်းသူသုံးဦးအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့ဥက္ကဋ္ဌ၊ ဦးသန်းအောင်က ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြား လျှောက်ထားပြီး ဇမ္ဗူသီရိမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် မစိုးရိမ်တိုက်သစ် ပဓါနနာယက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဓမ္မ အရှင်သူမြတ်ထံမှ ပရိတ်သတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းကြသည်။
ဆက်လက်၍ သံဃဒါနဆွမ်းဆန်စိမ်းလောင်းပွဲကို ကျင်းပရာ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များက ဆရာတော်၊ သံဃာတော် ၁၄၈ ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)