စစ်တွေ ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေဟိုတယ်ဆင်းလမ်း ကွန်ကရစ်လမ်းတိုးချဲ့ဖောက်လုပ်ခြင်း၊ ပလက်ဖောင်းနှစ်ဘက်ပြုလုပ်ခြင်းနှင့် ရေမြောင်းများပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက စစ်တွေမြို့ပေါ်တွင် ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ကရစ်လမ်းခင်းနေမှုနှင့် ရှုခင်းသာလမ်းပိုင်း(၃) ပွိုင့်စခန်းအနီးတွင် ဒီရေလှိုင်းဒဏ်ကာကွယ်စေရန် Tetrapod အလုံး(၃၀၀)အား အသင့်ပြုလုပ်ပြီးနေရာချထားနိုင်ရန် ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရူပတောင်ရပ်ကွက်၊ ထီးတန်းလမ်းမှ ဦးဥတ္တမ လမ်းထိကွန်ကရစ်ခင်းခြင်း၊ ရေနုတ်မြောင်း(၆)စင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးကြရာ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါလမ်းအတွင်း နေထိုင်ကြသည့် ပြည်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး လမ်းပြီးစီးသွားပါက လမ်းသန့်ရှင်းသာယာရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်းမှ မြင်းစီးပြိုင်လမ်းအထိ ကွန်ကရစ်ခင်း၊ မြေထိန်းနံရံ၊ ပလက်ဖောင်း၊ ရေမြောင်း၊ ရေထွက်ပေါက်ပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မူလလမ်းပေါ်တွင်အခြေခံပြီး စနစ်တကျဆောင်ရွက်ကြရန်၊ သတ်မှတ်စံချိန်စံညွှန်နှင့်အညီကောင်းမွန်အောင်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်းသတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)