မိုးနဲ ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်မီးသတ်ဦးစီးဌာန၏စီစဉ်မှုဖြင့် စာသင်ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးကျော်ကိုကိုသက်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအိအိစံ၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံ၍ မကြာမီကာလတွင် ဖြေဆိုကျင်းပတော့မည့် တက္ကသိုလ်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မီးလောင်မှု/ မီးလန့်မှုများမဖြစ်စေရေး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသော မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သိရှိလိုက်နာနိုင်ရန်ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ခန်းများတွင် တပ်ဆင်အသုံးပြုထားသော လျှပ်စစ်မီးကြိုးများ၊ မီးသီးများနှင့် လျှပ်စစ်မိန်းခုံများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ၊ ကျောင်းဝန်းကျင်ရှိ မီးလောင်စေနိုင်သော လောင်စာများမရှိအောင် သန့်ရှင်းရေးဆောင်ရွက်ထားခြင်း ရှိ/မရှိနှင့် အရေးပေါ်မီးငြှိမ်းသတ်နိုင်သော မီးသတ်ဆေးဘူးများ အသင့်အနေအထားအသုံးပြု၍ ရ/မရ ရေလှောင်ကန်များတွင် ရေဖြည့်တင်းဆောင်ရွက်ထားမှု ရှိ/မရှိစသည့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကိုအကြံပြုဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)