အဋ္ဌမအကြိမ် ရန်ကုန်တိုင်းဒေသကြီး သံဃာ့ဝန်ဆောင်(ဆဋ္ဌ)နှစ်ပတ်လည် အစည်းအဝေးကျင်းပ

ဗဟန်း ဖေဖော်ဝါရီ ၂၃

အဋ္ဌမအကြိမ် ရန်ကုန်တိုင်းဒေသကြီး သံဃာ့ဝန်ဆောင်(ဆဋ္ဌ)နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ဗဟန်းမြို့နယ် ကြားတောရလမ်း ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ရုံး ပရိဝုဏ်အတွင်းရှိ မင်္ဂလာစျေးဓမ္မာရုံံ၌ ဆင်ယင်ကျင်းပခဲ့ရာ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဆရာတော်များ၊ တိုင်းသံဃာဝန်ဆောင်ဆရာတော်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ တိပိဋကာလင်္ကာရ စာသင်တိုက် ဦးစီးပဓာနနာယက ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ အဂ္ဂသာမိက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တ သုမင်္ဂလက အခမ်းအနားမှူး ဆရာတော်အဖြစ် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ဖွင့်လှစ်ပြီး တိုင်းဒေသကြီး သံဃနာယက သြဝါဒစရိယဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇာတိကဓဇဘဒ္ဒန္တဇနက၏ သြဝါဒကထာကို တိုင်းဒေသကြီး သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသက ဖတ်ကြားလျှောက်ထားကာ သဘာပတိဆရာတော် ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိက အဖွင့်သြဝါဒကထာ မြွက်ကြားခဲ့ကြောင်းသိရှိရသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချူပ်ဦးစိုးသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ကြွရောက်တော်မူလာကြသည့် တိုင်းဒေသကြီး သြဝါဒါစရိယဆရာတော်များ၊ သံဃနာယကဆရာတော်များနှင့် သံဃဝန်ဆောင်ဆရာတော်များအား ဝန်ကြီးချူပ်နှင့်အစိုးရအဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့အတွက် လိုအပ်သည့် ပစ္စည်းလေးပါးနှင့် တိုင်းဒေသကြီး သံဃနာယကရုံး အထွေထွေလုပ်ငန်းများ၊ သာသနာရေးဆိုင်ရာ လုပ်ငန်းများအတွက် အလှူရှင်များကလှူဒါန်းသော အလှူငွေများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချူပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် သဘာပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အဂ္ဂသာမိထံ ရေစက်သွန်းချတရားတော်နာယူခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလက သာသနာရေးရာဆောင်ရွက်ချက် အစီရင်ခံစာကို ဖတ်ကြားပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့ အဖွဲ့ဝင်ဘဒ္ဒန္တ သီရိန္ဒက ဝိနိစ္ဆရရေးရာဆောင်ရွက်ချက် အစီရင်ခံစာကို ဖတ်ကြားသည်။ ထို့နောက်ကြွရောက်လာကြသည့် သံဃာတော်အရှင်သူမြတ်များ၏ ဝိနိစ္ဆယမေးမြန်းလျှောက်ထားမှုများကို ဆရာတော်ကြီးများက ပြန်လည်ဖြေကြားလျှောက်ထားခဲ့ကြပြီး သဘာပတိ ဒွိပိဋကဓရ၊အဂ္ဂမဟာပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ  ဒေါက်တာဘဒ္ဒန္တ အဂ္ဂသာမိက နိဂမနကထာမြွက်ကြားကာ ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ကျော်သူဟိန်း (ပြန်/ဆက်)