ကော့မှူး ဖေဖော်ဝါရီ ၂၃
ပြည်သူများ၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ မိမိတို့၏အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုတစ်ပိုင်တစ်နိုင်ဝင်ငွေရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အမျိုးသားအင်္ကျီပိတ်စညှပ်နည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်က ကျားဝတ်အင်္ကျီပိတ်စညှပ်နိုင်သော လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းများထူထောင်နိုင်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် သင်တန်းမှပို့ချသင်ကြားပေးသော အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများအား အသုံးချကာကျွမ်းကျင်သော တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များဖြစ်လာစေရေး ကြိုးစားသင်ယူကြရန်နှင့်သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းအား သင်တန်းဆရာမဒေါ်ယဉ်ယဉ်သော်က အမျိုးသားဝတ်ဖားပါစပ်အင်္ကျီညှပ်နည်း၊ အမျိုးသားဝတ်ရှပ်အင်္ကျီညှပ်နည်းများကို သင်တန်းသား/သင်တန်းသူ(၁၅)ဦးအား စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းသို့မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား/သင်တန်းသူများတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ(၃)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ (ပြန်/ဆက်)