မွန်ပြည်နယ် ဝန်ကြီးချုပ် ချောင်းဆုံမြို့နယ် ကဒါကျေးရွာ၌ (၄၁)ကြိမ်မြောက် မဟာရင်ဂိုဏ်းလုံးဆိုင်ရာ ဓမ္မယုတ္တိကနိကာယအသင်း ရေးဖြေစာမေးပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်၍ စာဖြေသံဃာတော်များ စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေး

ချောင်းဆုံ ဖေဖော်ဝါရီ ၂၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပရိယတ္တိစာပေများ ထူးချွန်သူရဟန်းရှင်လူများ ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်သံဃာ့နာယကအဖွဲ့၏ဦးဆောင်မှုဖြင့် (၄၁)ကြိမ်မြောက်  မဟာရင်ဂိုဏ်းလုံးဆိုင်ရာ ဓမ္မယုတ္တိကနိကာယအသင်း ရေးဖြေစာမေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီ ကဒါကျေးရွာ ခေမာသိဝံပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ရာ ဆရာတော်၊ သံဃာတော်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရေးဖြေစာမေးပွဲဖွင့်ပွဲအခမ်းအနားကို မင်္ဂလသုခကျောင်းဦးစီးပဓာန နာယကဆရာတော်၊ ဓမ္မယုတ္တိကနိကာယ အသင်းစာမေးပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ကတိုးမဟာရင် ဆရာတော်၊ ဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တကောလိယာနန္ဒ ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်လာကြသူများမှ ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ပြည်နယ်ဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားတင်ပြခဲ့ပြီး ဓမ္မယုတ္တိက နိကာယအသင်း စာမေးပွဲကျင်းပရေးအတွက် အလှူငွေသိန်း(၂၀)ကျပ်ကို ပေးအပ်လှူဒါန်းပြီးနောက် တက်ရောက်လာကြသည့် ဆရာတော်၊ သံဃာများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များမှ လှူဖွယ်ဝတ္တုများ အသီးသီးဆက်ကပ်လှူဒါန်းပေးခဲ့ရာ စာမေးပွဲကျင်းပရေးကော်မတီမှ မွန်ပြည်နယ်ဝန်ကြီးချုပ်အား အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်ဩဝါဒါစရိယ မင်္ဂလသုခကျောင်းတိုက် ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး စာဖြေသံဃာတော်၊ သီလရှင်များ၏ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးကာ စာဖြေသံဃာတော်များနှင့် စာမေးပွဲကျင်းပသည့်ကာလအတွင်း လိုအပ်သည်များကို ဖြည့်ဆည်း ကုသိုလ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ (၄၁)ကြိမ်မြောက်  မဟာရင်ဂိုဏ်းလုံးဆိုင်ရာ ဓမ္မယုတ္တိကနိကာယအသင်း ရေးဖြေစာမေးပွဲကို ဆရာတော်၊ သံဃာတော်(၈၂)ပါး၏ ကြီးကြပ်မှုဖြင့် ဝင်ရောက်ဖြေဆိုသူ သံဃာတော်နှင့် သီလရှင်ဂုဏ်ထူးတန်း (၉)ပါး၊ ဓမ္မစရိယတန်း(၈၂)ပါး၊ ပထမကြီးတန်း(၂၈)ပါး၊ ပထမလတ်တန်း (၄၅)ပါး ၊ ပထမငယ်တန်း(၉၃)ပါး ၊ မူလတန်း (၈၈)ပါး ၊ ဥပစာတန်း (၁၃၂)ပါး စုစုပေါင်း စာဖြေသံဃာတော်နှင့် သီလရှင်(၄၇၇) ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး စာမေးပွဲကို ဖေဖော်ဝါရီလ(၂၃)ရက်နေ့မှ (၂၆)ရက်နေ့အထိ (၄)ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး စာဖြေသံဃာတော်များနှင့် သီလရှင်များ  အေးချမ်းစွာ သီတင်းသုံးနိုင်ရန် ဝေယျာဝစ္စလုပ်ငန်းများအတွက် အလှူရှင်များမှ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)