ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ Artificial Intelligence (Ai) နည်းပညာသင်တန်း ဖွင့်လှစ်သင်ကြား

နေပြည်တော် ဖေဖော်ဝါရီ ၂၃

AI နည်းပညာတိုးတက်ပြောင်းလဲမှုများမှ တစ်ဆင့် (Artificial Intelligence) ဉာဏ်ရည်တုပြောင်းလဲမှုဖြစ်စဉ်များ၊ AI နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဝန်ထမ်းတိုင်းက အခြေခံအားဖြင့် သိရှိနားလည်ထားကြရန် ရည်ရွယ်၍ Artificial Intelligence (Ai) နည်းပညာ သင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်ကျင်းပရာ ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်ရုံး ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်သည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အမှာစကားပြောကြားရာတွင် AI နည်းပညာနှင့်ပတ်သက်သည့်အသိပညာများနှင့် AI၏အရေးပါပုံများကို ဝန်ထမ်းများအနေဖြင့် သိရှိထားရန်လိုအပ်ကြောင်း၊ သိရှိထားသည့် အသိပအညာဗဟုသုတများကို အကျိုးရှိစွာအသုံးချရန်နှင့်  ပြန်လည်မျှဝေပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဦးစီးဌာန(ရုံးချုပ်)မှ သင်တန်းနည်းပြ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယမင်းလှိုင်က Artificial Intelligence (AI) သမိုင်းကြောင်းနှင့် ဆင့်ကဲပြောင်းလဲလာမှုဖြစ်စဉ်၊ Generative AI ၏ လုပ်ဆောင်မှုပုံစံ၊ AIကို စတင်လေ့လာမှုနယ်ပယ်(၂)ရပ်၊ AI ၏ လုပ်ဆောင်မှုပုံစံများ လေ့လာခြင်း၊ Machine Learning (ML)နည်းပညာစနစ်များ၊ AI အမျိုးအစားများ၊ (AI) အသုံးပြုနယ်ပယ်များ၊ အားသာချက်နှင့် အားနည်းချက်များ၊ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များ စသည့် အကြောင်းအရာများကို  စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)