မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ မန္တလေးတက္ကသိုလ်နှစ် (၁၀၀)ပြည့်အခမ်းအနားနှင့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု

ချမ်အေးသာစံ ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းက နဂါးပရိယတ္တိစာသင်တိုက်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် အခမ်းအနားနှင့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအားလိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ်ရှိ နဂါးပရိယတ္တိစာသင်တိုက်သို့ရောက်ရှိပြီး  ဓမ္မသန္တာကျောင်း ၌ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(ငှက်တွင်း)၊ နဂါးပရိယတ္တိ စာသင်တိုက်ဦးစီးပဓာန နာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသေဋ္ဌသာရအားဖူးမြော်၍ လှူဖွယ်ပစ္စည်းများဆက်ကပ်ကာ ဩဝါဒများခံယူပြီးနောက်စာသင်တိုက်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးကာလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေးတက္ကသိုလ်သို့ရောက်ရှိပြီး မန္တလေးတက္ကသိုလ်နှစ် (၁၀၀)ပြည့် အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုရာ  မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်က မကြာမီကျရောက်တော့မည်ဖြစ်သည့် နှစ်(၁၀၀)ပြည့် အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ရာပြည့်သဘင်ကို ခမ်းနားထည်ဝါစွာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားနိုင်ရေး၊ တက္ကသိုလ်ဥပဓိရုပ် အစဉ်ကောင်းမွန်စေရေး၊ လုပ်ငန်းများလစ်ဟင်းမှုမရှိစေရေးနှင့် သတ်မှတ်ကာလအတွင်း အောင်မြင်စွာ ပြီးစီးရေးအလေးထားကာ စနစ်တကျကြပ်မတ်၍ ကဏ္ဍများအလိုက် စီမံခန့်ခွဲမှု အကောင်းဆုံးဖြင့် ဆောင်ရွက်သွားရေးတို့ကိုမှာကြားပြီး တက္ကသိုလ်အတွင်း လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေသည့် ဆင်ဖြူကန်ကွင်းသို့ရောက်ရှိပြီး မျိုး၊ မြေ၊ ရေ၊ နည်းအထောက်အကူပြု အသိပညာပေးပြခန်းများ၊ အထိမ်းအမှတ် ပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသုံး စက်ကိရိယာ၊ စက်ပစ္စည်း နှင့် ဆက်စပ်ပစ္စည်း အရောင်းပြခန်းများ၊  မျိုးကောင်းမျိုးသန့် မျိုးစေ့များ၊ သွင်းအားစု အရောင်းပြခန်းများ ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ထွန်းထွန်းနိုင်