ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တွန်းသင်္ဘောတစ်စီးမီးလောင်မှုဖြစ်ပွား

ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ  ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယမန်နေ့နံနက် ၁၀ နာရီ အချိန်ခန့်တွင် ခနောင်တိုချောင်းအတွင်း ရပ်နားထားသည့် တွန်းသင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားပုံမှာ ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်၊ ဇေယျာထွန်းသင်္ဘောလွန်းကျင်းအရှေ့ဘက်၊ ခနောင်တိုချောင်းထဲတွင် ရပ်နားထားသည့် မင်္ဂလာရွှေပြည်တွန်းသင်္ဘောပေါ်တွင် အလုပ်လုပ်ကိုင်သည့်  အလုပ်သမားဖြစ်သူ အမျိုးသားတစ်ဦးမှ သင်္ဘောဆီကန်အား ဂဟေဆော်ပြုပြင်စဥ် ဆီကန်အားမီးပွားကျရာမှ ပေါက်ကွဲ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များမှ အနီးကပ်ကြီးကြပ်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင်သန်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂ နာရီခွဲတွင် မီးငြှိမ်းသွားခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် အဆိုပါ အမျိုးသားနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်းနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာမှ အမျိုးသားအား ရရှိဒဏ်ရာစိုးရိမ်ရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လွှဲပြောင်း၍ ဆေးဝါးကုသမှုခံယူနေကြောင်းနှင့်  မီးလောင်မှုကြောင့် သင်္ဘောစက်ခန်းနှင့် လူနေအိပ်ခန်းမီးလောင်ပျက်စီးဆုံးရှုံးကာ အဆိုပါ မီးလောင်မှုအား ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်းမှ လိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)