မိုင်းပန် ဒီဇင်ဘာ ၆
အေးချမ်းသည့် ယခုခါသမယ၌ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် သာယာလှပ အထင်ကရ နေရာအဖြစ် တိမ်ပင်လယ်ရှုခင်းသာ တစ်နေရာထပ်မံပေါ်ပေါက် တိုးလာခဲ့ကြောင်း သိရသည်။
အဆိုပါနေရာမှာ မိုင်းပန်မြို့၏ အနောက်မြောက်ဘက် မိုင်းပန်-ကျိုင်းတောင်းသွား မော်တော်ကားလမ်း (လမ်းယာဘက်) တွင် ပေါ်ပေါက်တည်ရှိကြောင်း လေ့လာသိရှိခဲ့ရသည်။
မိုင်းပန်မြို့သမိုင်းရာဇဝင် ရှေးရှမ်းစာဆိုတော် စဝ်ကောလီ ပြတိုက်ကျောင်းမှ ၄ဖာလုံခန့်အကွာ အရှေ့ဘက် တောင်ကုန်းနေရာ ရှုခင်းသာမှ ကြည့်ရှုလျင် နံနက်၆နာရီခွဲအချိန်ခန့်မှ ၈နာရီအချိန်ခန့်အထိ အရှေ့ဘက် တောင်ကြောများကို ဝင်ရောက်ထိုးဖောက်လာသည့် မြူခိုးမြူနှင်းများက အစိုင်အခဲအသွင် ပုံသဏ္ဍာန်ဖြင့် ကျယ်ပြန့်စွာ ထွက်ပေါ်လာကာ တိမ်စိုင်တိမ်ခဲများအတူ တစ်လှိမ့်လှိမ့် တငြိမ့်ငြိမ့် လှုပ်ရှားပေါ်ထွန်း နေပုံများအား တွေ့မြင်ခံစား ကြရသောသူများက တိမ်ပင်လယ်(သို့မဟုတ်) မိုင်းပန် တိမ်ပင်လယ်ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။
မိုးတိမ်များကင်းစင်ခြင်း၊ မိုးအုံ့ခြင်းများမရှိသည့် ရက်နံနက်ခင်းဝယ် ၄င်းတိမ်ပင်လယ်ကို သာယာလှပသော မိုင်းပန်တောင်တန်းကြီးများ အကြားဝယ် တစ်မျှော်တစ်ခေါ် လှမ်းမျှော်ကြည့်ရှု ခံစားနိုင်ပြီး၊ ဆောင်းရာသီကာလ၏ မိုင်းပန်အထင်ကရ နေရာတိမ်ပင်လယ် ပေါ်ပေါက်ရာ ရှုခင်းသာ တောင်ကုန်း လေးမှာ နောင်အနာဂတ် ကိုဗစ်-၁၉ ကာလ ဖြေလျှော့၊ ပြီးဆုံးလာသည့်အခါ အဆိုပါနေရာသို့ လာရောက်လေ့လာလည်ပတ် စောင့်မျှော်ကြည့်ရှုသူ များပြားသော မိုင်းပန်မြို့အလှကို ပိုမိုထင်ဟပ်ပေါ်လွင် လာစေနိုင်ပါကြောင်း တစေ့တစောင်း သွားရောက်လေ့လာ ရိုက်ကူးတင်ပြ လိုက်ရပါသည်။
စိုင်းဇော်လတ်(လင်းခေး)