နေပြည်တော် ဖေဖော်ဝါရီ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပြည်သူ့စစ်မှုထမ်းခေါ်ယူရေးတွင် ထူးချွန်စွာဆောင်ရွက်ခဲ့သည့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုဆုချီး မြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦး၊ ဦးဟန်သူနှင့် ဦးခင်မောင်လတ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသည်နှင့်အညီ အဆိုပါတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေ အမှတ် (၂၇/၂၀၁၀) ဖြင့် ပြဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၁၀)ရက်နေ့တွင် စတင်အာဏာသက်ဝင်စေခဲ့ပါကြောင်း၊ နေပြည်တော်ကောင်စီ ပြည်သူ့စစ်မှထမ်းဆင့်ခေါ်ရေးအဖွဲ့အနေဖြင့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်အလိုက် လျာထားအင်အားပြည့်မီစွာ ပေးပို့အပ်နှံနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းခေါ်ခြင်းခံရသည့် မိသားစုများကိုလည်း နိုင်ငံသားရပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရန် ကင်းလွတ်၊ လျော့ပေါ့၊ ရွှေ့ဆိုင်းခွင့်စသည့် ရပိုင်ခွင့်များကို နားလည်သဘောပေါက်အောင် ဆွေးနွေးပေးဖို့လိုအပ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်း အကျုံးဝင်သည့် အများပြည်သူများအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထမ်းဆောင်ကြရမှာဖြစ်ကြောင်းကို ချပြဆွေးနွေးသွားကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်မှချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပြီး ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် သတ်မှတ်ထားသည့် စစ်မှုထမ်းအင်အားပြည့်မီစေရေးကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီးဝင်များနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းခေါ်ယူရေးတွင် ထူးချွန်စွာဆောင်ရွက်ခဲ့သည့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြရာ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြ ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)