တိုက်ကြီးမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းစီ ပေးအပ်

တိုက်ကြီး ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး  တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ရောက်ရှိလာသူပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းစီ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက တိုက်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုက ယာယီနေရပ်စွန့်ခွာပြည်သူများအား ငွေကျပ်(၂၀၀၀၀)နှုန်းစီ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ‌ ရောက်ရှိလာသူ ပြည်သူ ၁၆၆၂ ဦးအတွက် တစ်ဦးလျှင် ကျပ် ၂၀၀၀၀/နှုန်း ဖြင့် ကျပ် ၃၃,၂၄,၀၀/- အား ပြည်သူများ လက်ဝယ်အရောက် ပေးအပ်သည်။ 

အလားတူ တိုက်ကြီးခရိုင်အတွင်းရှိ ဥက္ကံမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်ဝေနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက နေရပ်စွန့်ခွာ‌ ရောက်ရှိလာသူ ပြည်သူ ၂၀၇ ဦးအတွက် တစ်ဦးလျှင် ကျပ် ၂၀၀၀၀/နှုန်း ဖြင့် ကျပ် ၄,၁၄၀,၀၀၀/- အား လည်းကောင်း၊ အဖျောက်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးဝင်းမောင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ‌ ရောက်ရှိလာသူ ပြည်သူ ၈၁ ဦးအတွက်  တစ်ဦးလျှင် ကျပ် ၂၀၀၀၀/နှုန်း ဖြင့် ကျပ် ၁,၆၂၀,၀၀၀/- အားလည်းကောင်း ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)