နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ Naypyitaw State Polytechnic University ကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီမှ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ Naypyitaw State Polytechnic University မှ ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် Naypyitaw State Polytechnic University မှ ကျောင်းသား၊ ကျောင်းသူများက Welcome to NSPU တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထိုနောက် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာတိုးတက်ဖွံ့ဖြိုးလာပြီး ဗလငါးတန်နှင့်ပြည့်စုံကာ ယဉ်ကျေးလိမ္မာပြီး အမှားအမှန်ကို ဝေဖန်စဉ်းစားပိုင်းခြားနိုင်သည့် ဉာဏ်ရည်မြင့်မားသော ပညာတတ်လူငယ်များ ဖြစ်လာစေရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်ကဏ္ဍကို အထူးအလေးပေးကာ ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ကြားနေသည့် ဘာသာရပ်များကို သင်ကြားတတ်မြောက်ရုံမက ထူးချွန်ထက်မြက် စွန့်ဦးတီထွင်လုပ်ကိုင်နိုင်သည့် အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ ထို့အပြင် ဗဟုသုတများ၊ တိုးတက်လာသည့် နည်းပညာများလေ့လာကြိုးစား ဆောင်ရွက်ကြဖို့လိုအပ်ကြောင်း၊ လူငယ်များအနေဖြင့် (၃၈) ဖြာမင်္ဂလာတရားတော်နှင့်အညီ ပြုမူနေထိုင်တတ်ရေး၊ သုတစာပေ၊ ရသစာပေများကို ဖတ်ရှု့လေ့လာကြပြီး ပညာပြည့်ဝနှလုံးလှသည့် လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျတို့က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ အသီးသီးအမှာစကားပြောကြားကြသည်။

ထို့နောက် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်က္ကသိုလ်)က “ဗလငါးတန်ပြည့်ဝရန်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။

ယင်းနောက် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက Naypyitaw State Polytechnic University  ကျောင်းစာကြည့်တိုက်အတွက် မတည်ငွေကျပ် (၁၀)သိန်းနှင့် စာအုပ်စာစောင်များကို Naypyitaw State Polytechnic University ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင် ထံလည်းကောင်း၊  လူငယ်ရေးရာအသိပညာပေးဟောပြောသည့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်က္ကသိုလ်)အား ဂုဏ်ပြုလက်ဆောင်ကိုလည်းကောင်း ပေးအပ်သည်။

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က Naypyitaw State Polytechnic University  အတွက် စာအုပ်များနှင့် အားကစားပစ္စည်းများကို Naypyitaw State Polytechnic University ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင် ထံလည်းကောင်း၊  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက လူငယ်ရေးရာအသိပညာ ပေးဟောပြောသည့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်က္ကသိုလ်)အား ဂုဏ်ပြုလက်ဆောင်ကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)