တာမွေ ဖေဖော်ဝါရီ ၂၂
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်သို့ ရောက်ရှိနေသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှပေးအပ်သော ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝင်းက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ မြို့နယ်အတွင်းရောက်ရှိနေသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းစီဖြင့် ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။ ထို့နောက် ထောက်ပံ့ငွေရရှိသူများကိုယ်စား ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်သို့ ယာယီနေရပ်စွန့်ခွာ၍ ရောက်ရှိနေသည့် အိမ်ထောင်စု(၂၈၆)စုရှိပြီး ဝန်ထမ်း(၅၃)ဦးနှင့် ပြည်သူ(၉၂၆)ဦး စုစုပေါင်း(၉၇၉)ဦးရှိကြောင်း၊ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပထမအကြိမ်အဖြစ်(၄၉၀)ဦးကိုလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ်(၄၈၉)ဦးကိုလည်းကောင်း ပြည်သူများလက်ဝယ် အရောက် အသီးသီးပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)