စစ်တွေ ဖေဖော်ဝါရီ ၂၂
စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ဆရာတော်ကြီးများအား ရှင်းလင်းလျှောက်ထားခြင်းကို ယနေ့နံနက်ပိုင်းက လောကာနန္ဒာစေတီတော် လိုဏ်ဂူတော်အတွင်း၌ ကျင်းပရာ သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ဆီး၊ ရေချမ်းများ ကပ်လှူပူဇော်ကြသည်။
ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက အခမ်းအနားကို နမေတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး စစ်တွေမြို့၊ ကြွဖြူကျောင်းတိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဇေဝန္တ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သံဃာတော်အရှင်သူမြတ်များအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က လောကာနန္ဒာစေတီတော်မြတ်ကြီး ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများနှင့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော် ကိန်းဝပ် အပူဇော်ခံတော်မူမည့် စံကျောင်းတော်နှစ်ဆောင် ဆောက်လုပ်နေမှုနှင့် ဆောက်လုပ်ပြီးစီးနေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားကြသည်။
ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ဝန်ကြီးက သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့အား လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တော်၌ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီး ပူဇော်နိုင်ရန်စီစဉ်ဆောင်ရွက်နေမှု၊ နေပူခံကျောက်ပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် မြေကြီးပြုပြင်ခြင်းလုပ်ငန်း၊ ရေနှုတ်မြောင်းများပြုလုပ်ခြင်းလုပ်ငန်း၊ Compartment Wall ပြုလုပ်ခြင်းနှင့် သဲဖြည့်ရေလောင်းသိပ်သည်း အောင်ပြုလုပ်ခြင်းလုပ်ငန်းများ၊ အောက်ခံကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ၊ ကျောက်ပြားကပ်ရန်ကြမ်းခင်းအမာခံ ပြုလုပ်ခြင်းလုပ်ငန်းများ၊ ကျောက်ပြားများဖြတ်ညှိခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးကာ နေပူခံကျောက်ပြားခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လိုက်လံရှင်းလင်း လျှောက်ထားတင်ပြသည်။
ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်တို့အား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဆင်းတုတော်နှစ်ဆူကိန်းဝပ် အပူဇော်ခံတော်မူမည့် စံကျောင်းတော်နှစ်ဆောင်ဆောက်လုပ်နေမှုနှင့် ဆောက်လုပ်ပြီးစီးနေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့်အခြေအနေများကို လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကျောက်ပြားခင်းခြင်းလုပ်ငန်းများကို စနစ်တကျသပ်ရပ်စွာဖြင့် ရေရှည်တည်တံ့ကောင်းမွန်အောင် ဆောင်ရွက်ကြရန်၊ အလား တူစံကျောင်းတော်များ ဆောက်လုပ်ရာတွင်လည်း မြန်မာမှုလက်ရာများဖြင့် ကြည်ညိုသဒ္ဓါပွားများနိုင်အောင် ဆောင်ရွက်ကြရန်နှင့် မိမိတို့တတ်ကျွမ်းသည့် ပညာဖြင့်ကုသိုလ်ပြုခွင့်ရရှိသည့်အတွက် စေတနာအပြည့်ဖြင့် ကုသိုလ်ယူဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော်ဓာတ် စေတီတော်မြတ် ထီးတော်တင်လှူရန်စီစဉ်ထားရှိမှုနှင့် စေတီတော်ဘက်စုံပြုပြင်မွမ်းမံနိုင်ရန် စီစဉ်ဆောင်ရွက်နေမှုအားလည်းကောင်း၊ လောကာနန္ဒာစေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်ရေးအဖွဲ့က စေတီတော်ပြုပြင်နိုင်ရန်အတွက် ဆောင်ရွက်နေမှုတို့အားလည်းကောင်း ရှင်းလင်းလျှောက်ထားတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရသည်။
တင်ထွန်း(ပြန်/ဆက်)