တောင်ဥက္ကလာပမြို့နယ်၌ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းစီ ဆက်လက်ပေးအပ်

တောင်ဥက္ကလာပ ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ရောက်ရှိလာသူ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းစီ ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက  အမှတ်(၁၄)ရပ်ကွက်  သုံးထပ်ဆောင်သာသနာ့ဗိမာန်တော်ကြီး၌  ဆက်လက်ပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးက ယာယီနေရပ်စွန့်ခွာပြည်သူများအား ငွေကျပ်(၂၀၀၀၀)နှုန်းစီ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာလာသူ ပြည်သူ (၅၆၆) ဦးအား တစ်ဦးလျှင် ကျပ် ၂၀၀၀၀/နှုန်းဖြင့် ကျပ်  ၁၁၃၂၀၀၀၀/- အား ပြည်သူများလက်ဝယ်အရောက် ဆက်လက်ပေးအပ်ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့အထိ နေရပ်စွန့်ခွာသူ ပြည်သူ (၁၁၃၁)ဦးရှိရာ ကျန်ရှိနေသူပြည်သူများကိုလည်း လက်ဝယ်အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)