ရန်ကုန်မြို့တော်အား Smart city ဖြစ်စေရေး ဆောင်ရွက်အကောင်အထည်ဖော်မည့် Port Sharing System အား ရှင်းလင်းတင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ

ရန်ကုန်မြို့တော်အား Smart city ဖြစ်စေရေးအတွက် ဆောင်ရွက်အကောင်အထည်ဖော်မည့် Port Sharing System အား ရှင်းလင်းတင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် Eager Communication Group Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးက အမှာစကားပြောကြားရာ “ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးကဏ္ဍကို တိုးတက်ခေတ်မီစေရေးအတွက် တစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ Information and Communications Technology များ တစ်နေ့တစ်ခြားတိုးတက်လာမှုနှင့်အတူ ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာလို ဖြစ်လာခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း နည်းပညာတိုးတက်မှုများနှင့်အတူ ရန်ကုန်မြို့တော်ကြီးအတွက် လိုအပ်လာသည့် ရန်ကုန်မြို့တော် မြို့ပြဖိုင်ဘာကွန်ယက်ကို PPP စနစ်ဖြင့် တည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်သည့် Eager Communication Group Co., Ltd နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ BOT  စာချုပ်ချုပ်ဆိုပြီး ဖိုင်ဘာဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနေပြီဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော် မြို့ပြဖိုင်ဘာကွန်ယက်ကို စတင်တည်ဆောက်ခဲ့စဉ်က Smart city ဖြစ်ရန်၊ မြို့တော်သာယာလှပရေးအတွက် အထောက်အကူဖြစ်ရန်၊  Metro Network ကြီးကို သုံးစွဲလိုသူ မည်သူမဆိုအသုံးပြုနိုင်သည့် Common Network တစ်ခု ဖြစ်ရန်ဆိုသည့် ရည်ရွယ်ချက်များ ပါရှိခဲ့ကြောင်း၊ ဆက်သွယ်ရေးကဏ္ဍကို တိုးတက်ခေတ်မီစေရေး ဆောင်ရွက်နေသလို တစ်ဖက်တစ်လမ်းကလည်း ရန်ကုန်မြို့တော်ကြီးကို Smart City ဖြစ်စေရန်၊ သန့်ရှင်းသပ်ရပ်လှပသာယာစေရေးကိုလည်း အာရုံစိုက်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ဆက်သွယ်ရေးကွန်ယက် တိုးချဲ့တည်ဆောက်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲစည်းပေးခဲ့ပြီး ရန်ကုန်တိုင်းအတွင်း ဆက်သွယ်ရေးကဏ္ဍကို လျင်မြန်စွာတိုးတက်စေပြီး စနစ်တကျရှိစေရေးအတွက်ကိုလည်း ဆောင်ရွက်ပေးလျက်ရှိရာ ပြည်လမ်းတစ်လျှောက်တွင်ရှိသည့် ဆက်သွယ်ရေးတိုင်များပေါ်တွင် သွယ်တန်းထားသည့် ဖိုင်ဘာကြိုးများကို အချိန်ယူပြီး ရှင်းလင်းနိုင်ခဲ့သည့်အတွက် ယခုအခါ ပြည်လမ်းမကြီးသည်  ရှင်းလင်းလှပနေပြီဖြစ်ကြောင်း၊ ယခု ကမ္ဘာအေးဘုရားလမ်းတစ်လျှောက်တွင်ရှိသည့် ဆက်သွယ်ရေးတိုင်များပေါ်တွင် သွယ်တန်းထားသည့် ဖိုင်ဘာကြိုးများကို ရှင်းလင်းရန်ဆောင်ရွက်နေသည့် လုပ်ငန်းလည်း မကြာမီပြီးစီးတော့မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်ကြီးအတွင်းရှိ ဆက်သွယ်ရေးတိုင်များပေါ်တွင် သွယ်တန်းထားသည့် ဖိုင်ဘာကြိုးများရှုပ်ထွေးနေမှုကြောင့် မြို့တော်၏ လှပသန့်ရှင်းသပ်ရပ်မှုကို ထိခိုက်စေပြီးတိုင်များပေါ်တွင် မကြာခဏမီးလောင်သည့် ဖြစ်စဉ်များဖြစ်ခြင်း၊ တိုင်များပေါ်တွင် သွယ်တန်းထားသည့် ဖိုင်ဘာကြိုးများသည် ကားနှင့်မလွတ်သဖြင့် ချိတ်မိပြီးထိခိုက်ပျက်စီးမှုများဖြစ်ခြင်း၊ တိုင်များ၏ ခံနိုင်ဝန်အားထက်ပိုသည့် ဖိုင်ဘာကြိုးများ၏ အလေးချိန်ကြောင့်တိုင်များ ယိုင်နဲ့လာခြင်း၊ စသည့်အကြောင်းအရာများ တွေ့မြင်လာရသဖြင့် မြို့တော်၏ဂုဏ်အင်္ဂါရပ်ကို ထိခိုက်စေခြင်း၊ မြို့နေပြည်သူလူထုအတွက် အန္တရာယ်ဖြစ်ပေါ်စေခြင်းများကို တွေ့မြင်လာရကြောင်း၊ ထို့ကြောင့် ခရိုင်အလိုက်အဖွဲ့များဖွဲ့ပြီး ဖိုင်ဘာကြိုးများ ရှုပ်ထွေးမှုများကို ရှင်းလင်းနေကြောင်း၊ ယခုအခါလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးသည့် မြို့နယ်များတွင် ရှုပ်ထွေးပြီး အမြင်မတင့်တယ်သည့် မြေပေါ်ဖိုင်ဘာကြိုးများ အတန်အသင့်ရှင်းလင်းပြီး မြို့တော် လှပသန့်ရှင်းသပ်ရပ်လာတာကို စပြီးတွေ့မြင်လာရပြီဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် 5G စနစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဖိုင်ဘာကေဘယ်လ်များ ရှုပ်ထွေးမှုမရှိစေရန် Port Sharing System ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက အစီအစဉ်များ စနစ်တကျစီစဉ်ဆောင်ရွက်သွားရန် လမ်းညွှန်ထားကြောင်း၊  Port Sharing System ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း စတင်ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ရန်ကုန်မြို့တော် မြို့ပြဖိုင်ဘာကွန်ယက်ကိုအခြေခံပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ Port Sharing System ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း တောင်ဥက္ကလာပမြို့နယ်ကို Pilot Project အဖြစ် စတင်ဆောင်ရွက်မည်ဖြစ်သဖြင့် လုပ်ငန်းဆိုင်ရာများတွင် ဆက်စပ်မှုရှိနေသည့် ခရိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အင်ဂျင်နီယာများကို Port Sharing System အကြောင်း သိရှိနားလည်စေရန်အတွက် ယခုအလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်း” ပြောကြားသည်။

ဆက်လက်၍ Eager Communication Group Co,Ltd ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားပြီး Eager Communication Group Co,Ltd အကြောင်း Corporate video အား ပြသသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဆက်သွယ်ရေးကွန်ယက်တိုးချဲ့ တည်ဆောက်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌတို့က အမှာစကားပြောကြားပြီး Eager Communication Group Co.,Ltd မှ တာဝန်ရှိသူများက Eager Communication Group Co.,Ltd အကြောင်း၊ Port Sharing System အကြောင်း၊ Row နှင့် စပ်လျဉ်းသည့် အကြောင်းအရာများအား Power Point ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)