ရန်ကုန် ဖေဖော်ဝါရီ ၂၂
ယာယီနေရပ်စွန့်ခွာ၍ ရန်တိုင်းဒေသကြီးရှိ လှိုင်မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်များတွင် ရောက်ရှိနေသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သည့် တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းစီ ပေးအပ်နေသည်များကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် လှိုင်မြို့နယ် လှိုင်စင်တာတွင် ပြည်သူ (၃၈၃)ဦးအား ပေးအပ်နေသည့် အခြေအနေများကိုလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ် သုံးထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီးတွင် ပြည်သူ (၃၅၀)ဦးအား ပေးအပ်နေသည့် အခြေအနေများကိုလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်တွင် ပြည်သူ (၄၅၀)ဦးအား ပေးအပ်နေသည့် အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည်ရှုအားပေးခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အမှာစကားပြောကြားရာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် လူ(၁)ဦးလျှင် တစ်လငွေကျပ် (၂ဝဝဝဝိ/-)နှုန်းဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ပထမအကြိမ်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၁)လစာအား ဖေဖော်ဝါရီလတွင်လည်းကောင်း၊ ဒုတိယအကြိမ် ဖေဖော်ဝါရီလနှင့်မတ်လ (၂)လစာအား ဧပြီလတွင်လည်းကောင်း၊ တတိယအကြိမ် ဧပြီလ၊ မေလနှင့် ဇွန်လ (၃)လစာအား ဇူလိုင်လတွင်လည်းကောင်း၊ စတုတ္ထအကြိမ် ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလ (၃)လစာအား အောက်တိုဘာလတွင်လည်းကောင်း၊ ပဉ္စမအကြိမ် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ (၃)လစာအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင်လည်းကောင်း ပေးအပ်သွားမည်ဖြစ်ပြီး ပေးအပ်မှုများကို အမှန်တကယ် ယာယီနေရပ်စွန့်ခွာသူများထံ လက်ဝယ်မှန်ကန် မြန်ဆန်စွာ ရောက်စေရေးနှင့် တိုင်းဒေသကြီးအတွင်း ယာယီနေရပ်စွန့်ခွာ ရောက်ရှိလာသူများအနေဖြင့် စာရင်းမှန်ကန်မှုရှိစေရေး လက်ရှိနေရပ်မှ ပြန်လည်ထွက်ခွာမည်ဆိုပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံ သတင်းပို့ကြရန် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၅-၂-၂၀၂၅ ရက်နေ့အထိ ကောက်ခံရရှိသော စာရင်းအရ ယာယီနေရပ်စွန့်ခွာ၍ လာရောက်နေထိုင်သူ အိမ်ထောင်စု (၁၄၅၂၉)စုနှင့် လူဦးရေ (၄၆၃၅၁)ဦးတို့အား ဇန်နဝါရီလအတွက် တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ငွေကျပ် (၉၂၇ ဒဿမ ၀၂)သန်းအား ပေးအပ်သွားမည်ဖြစ်ပါကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)