နေပြည်တော် ဖေဖော်ဝါရီ ၂၂
၂၀၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား ဖိတ်ခေါ်စနူကာပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ 7 Club ဘိလိယက်နှင့် စနူကာရုံ၌ ကျင်းပရာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက မောင်ကျော်ဌေးနှင့် မောင်ပိစိတို့၏ စနူကာပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
ထိုနောက် နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင် အမှတ်အများဆုံးဆုရရှိသည့် မောင်ဇင်မင်းဦး၊ ပူးတွဲတတိယဆုရရှိသည့် မောင်ချမ်းမင်းကျော်၊ ပူးတွဲတတိယဆုရရှိသည့် မောင်နေလင်းထူး၊ ဒုတိယဆုရရှိသည့် မောင်ပိစိနှင့် ပထမဆုရရှိသည့် မောင်ကျော်ဌေးတို့အား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)