ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၂
ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)တွင် အသုံးပြုသော Oxygen Plant O2P 29 စက်အား အလှူရှင်မိသားစုမှ ပြင်ဆင်အပ်နှံခြင်း၊ ရေငွေ့စုပ်စက်(၁)လုံးနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး)တွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သံယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် အလှူရှင်မိသားစု၊ တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာဝင်းနိုင်နှင့် တာဝန်ရှိသူများ၊ ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)မှ ပါမောက္ခ(ဌာနမှူး)နှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးက အလှူရှင်မိသားစုမှ ပြင်ဆင်အပ်နှံခြင်းနှင့် လှူဒါန်းရသော ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် အလှူရှင်မိသားစုမှ ပြင်ဆင်ပြီးသော Oxygen Plant O2P 29 စက်၊ ဆေးရုံအတွက်လိုအပ်သည့် ရေငွေ့စုပ်စက်(၁)လုံး၊ လေစုပ် မွေးဖွားသော လူနာများအသုံးပြုနိုင်ရန်အတွက် Vaccum Machin စက်နှင့် ဆေးရုံ ရုံးအတွက် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းရာ ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)မှ တာဝန်ရှိသူများက လက်ခံကာ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း၊ ပြင်ဆင်ခြင်းနှင့် လှူဒါန်းမှုအနေဖြင့် စုစုပေါင်းကျပ် ၁၇၀ သိန်း တန်ဖိုးရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်