ချောင်းဆုံ ဖေဖော်ဝါရီ ၂၂
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ဒေသတွင်းစားရေရိက္ခာဖူလုံ၍ စားသုံးဆီပိုမိုရရှိစေရေး ဆောင်းသီးနှံ စိုက်တောင်သူများ မျိုးကောင်းမျိုးသန့်များကို နည်းစနစ်မှန်ကန်စွာစိုက်ပျိုးပြီး အထွက်တိုးစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးရွေးချယ်မြှင့်တင်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်(၈)နာရီက ကော့မုပွန်ကျေးရွာ ကွင်းအမှတ် (၆၃၇)ရှိ နေကြာစိုက်ဧက (၆.၅)ဧက တွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးကျော်လွင်က မြို့နယ်အတွင်း ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ် မျိုးစေ့တာဝန်ခံ ဒေါ်မူမူတန်က တောင်သူများ ပူးပေါင်းပါဝင်သော နေကြာမျိုး ရွေးချယ် မြှင့်တင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြခဲ့သည်။
ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကား ပြောကြားရာ ပြည်နယ်အတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း တောင်သူများအနေဖြင့် မိမိတို့၏ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန်လိုကြောင်း၊ စတင်စိုက်ပျိုး ချိန်မှ ရိတ်သိမ်းချိန်အထိ နည်းစနစ်များကို မှန်မှန်ကန်ကန် အသုံးပြုကြရန် လိုကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း စသည့် တောင်သူများနှင့် အခက်အခဲ လိုအပ်ချက်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်အတွင်း (၂၀၂၄-၂၀၂၅)ခုနှစ် ဆောင်းသီးနှံစိုက်ပျိုး ထုတ်လုပ်မှုအနေဖြင့် နေကြာ (၃၄၃၈)၊မြေပဲ(၁၂၀)၊နှမ်း(၄)ဧက စုစုပေါင်း ဆီထွက်သီးနှံ (၃၅၆၂)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး နွေစပါး (၁၁၇) ဧက၊ပဲမျိုးစုံ (၅၉၈၇) ဧက နှင့် ပိုက်ဆံလျှော် (၁၅)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)