ကျောက်ဆည် ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နွေစပါးနှင့် နွေသီးနှံများ လျာထားစိုက်ဧကပြည့်မီရေး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းများတွင် တောင်သူများနှင့်တွေ့ဆုံပြီး ရေပေးတူးမြောင်းများအလိုက် ရေလှည့်စာရင်းများအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် နွေစပါးနှင့်နွေသီးနှံမျိုးစုံ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဖေဖော်ဝါရီလ(၁၅)ရက်နေ့၊ နံနက်(၆)နာရီမှ ဖေဖော်ဝါရီလ(၂၂)ရက်နေ့ နံနက်(၆)နာရီအထိ ဇော်ဂျီမြစ်ဆိုင်ရာ ရေပေးတူးမြောင်းများဖြစ်သည့် အထက်လင်း၊ နွားတက်၊ ငပြောင်၊ နောင်ခမ်း/သင်းဒီး၊ သင်းတွဲ မြောင်းများတွင် စိုက်ပျိုးရေများ စတင်ပေးဝေသွားမည်ဖြစ်ပြီး ဖော်ဝါရီလ(၂၂)ရက်နံနက်(၆)နာရီမှ မတ်လ(၁)ရက်နေ့ နံနက်(၆)နာရီအထိ မင်းရဲ၊ တမုတ်၊ ဇီးတော၊ ပလိပ်၊ မြောင်းဆုံမြောင်းများတွင် စိုက်ပျိုးရေများ စတင်ပေးဝေသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေများပေးဝေရာတွင် မြောင်းများအလိုက် နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးမှုအပေါ် ရေလွှတ်အား(ကြူးဆက်)ဖြင့် တွက်ချက်၍ လုံလောက်စွာ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် နွေစပါး(၁၉၉၈၀)ဧက၊ နွေနှမ်း(၂၉၀၀၀)ဧက၊ ပဲတီစိမ်း(၃၄၆၉)ဧက၊ ဝါသီးနှံ(၈၅)ဧက စုစုပေါင်း(၅၂၅၃၄)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်ရေအသုံးချမှုနှင့်စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
သက်မောင်ခရိုင်(ပြန်/ဆက်)