ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေရှင်းလင်းပွဲ ကျင်းပ

ဟိုပုံး ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ သိရှိနားလည်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင် ပံ့ပိုးကူညီဆောင်ရွက်နိုင်စေရန်၊ လူမှုကွန်ရက်မီဒီယာများနှင့် တရားမဝင်သတင်းဌာနများက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ သတင်းမှားများကို အယုံလွယ်လမ်းမှား မရောက်ရှိစေရေး တရားဝင်သတင်းဌာနများ၏ ထုတ်ပြန်ချက်များကိုသာ လေ့လာနိုင်ရေး အသိပညာပေးဆောင်ရွက်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းရန် မသင့်လျော်သူများကိုလည်း အကြောင်းမဲ့ သက်သက်ခေါ်ယူမှာ မဟုတ်သလို ယခုကာလတွင်လည်း အမျိုးသမီးများကို ပြည်သူ့စစ်မှုထမ်းခေါ်ယူရန် မရှိသေးကြောင်းကို သတင်းထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှု ထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည့်သူများ၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရနိုင်သူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ရရှိနိုင်မည့် အခွင့်အရေးများ၊ စစ်မှုထမ်းဆောင်ခြင်းကို ရှောင်လွှဲပါက ကျခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို၏ခံစားခွင့်များ သိကောင်းစရာများ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့၏ ဆောင်ရွက်နေမှုများ၊ အရွယ်ရောက်သူ နိုင်ငံသားအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် အမျိုးသားစစ်မှုထမ်းစနစ်တွင် ပါဝင်ထမ်းဆောင်ကြရန်နှင့် အားပေးကူညီပံ့ပိုးပေးကြပါရန် ပြည်သူများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရ သည်။

ခရိုင် (ပြန်/ဆက်)