စစ်တွေ ဖေဖော်ဝါရီ ၂၂
စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်စင်လစာထုတ်ယူရန် လာရောက်ကြသည့် အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး အငြိမ်းစားဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ပင်စင်လစာထုတ်ပေးနိုင်ရန်အတွက် လိုအပ်သောစိစစ်မှုများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးနေမှု၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်နေမှုနှင့် စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှပေးအပ် ချီးမြှင့်သည့် ဆန်နှင့် စားသောက်ဖွယ်ရာများအား ပေးအပ်ချီးမြှင့်ကြသည်။
အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းဆောင်ရွက်ရာတွင် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်နှင့် ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးတို့က အနီးကပ်ကြီးကြပ်ကာ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ နှလုံးရောဂါစစ်ဆေးခြင်းနှင့် အီးစီဂျီရိုက်ပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး လိုအပ်သောဆေးဝါးများကိုလည်း အခမဲ့ထုတ်ပေးကြသည်။ အလားတူ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကလည်း အငြိမ်းအစားဝန်ထမ်းများအား တိုင်းရင်းဆေးဝါးများနှင့် ကုသပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး တိုင်းရင်းဆေးများကို အခမဲ့ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာငွေများ ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ရုံးဖွင့်ရက်များ၌ နံနက် (၇)နာရီမှစတင်၍ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆန်နှင့်စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ခြင်းများကို စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးနှင့် ခိုင်သဇင်ခန်းမတို့တွင် လစဉ်စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသော ရခိုင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေး (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။ ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတစ်နိုင်ငံခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးကိုခေတ်မီအောင် ပြုပြင်ပြောင်းလဲရမည်ဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပညာရေးရင်းနှီးမြှုပ်နှံမှုနှင့် ပညာရေးအသုံးစရိတ်များကို သိသိသာသာ တိုးမြှင့်သုံးစွဲနေခြင်းဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအစည်းအဝေးကို တက်ရောက်လာကြသူများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး အထောက်အကူပြု သင်ထောက်ကူပစ္စည်းများနှင့် ရုံးသုံးစာရေးကိရိယာများ ဝယ်ယူရန်တွက်ငွေကျပ် (၄၂၂၅၀၀၀)ကို ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း၊ အလားတူ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဆောင်ရွက်နိုင်ရန်အတွက် အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်းလျှင် ငွေကျပ် (၁၀)သိန်းစီနှင့် စက်သုံးဆီများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများအနေဖြင့် မိမိတို့ကျောင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးကြစေလိုကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း တက္ကသိုလ်ဝင်စာမေးပွဲမှာ အထောက်အကူဖြစ်စေခြင်းငှာ လိုအပ်ချက်များကိုလည်း အတတ်နိုင်ဆုံး အကောင်းဆုံး ကူညီပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လာမည့်တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း ယခင်နှစ်များထက် အရေအတွက်ရော အရေအသွေးပါ တိုးတက်မြင့်မားသော ထူးချွန်လူငယ်များမွေးထုတ်ပေးနိုင်ရန် လိုအပ်သည့်လုပ်ငန်း စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ကြရန် အခြေခံကျသည့် အထက်တန်းကျောင်းအုပ်ကြီးများ၊ မြို့နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများနှင့် ပြည်နယ်ပညာ၊ အဆင့်မြင့်ပညာမှ တာဝန်ရှိသူများ အားလုံးကိုမှာကြားလိုကြောင်း၊ ပညာရေးသည် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီ၏ ဘဝရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရန် အရည်အချင်းဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုနိုင်သည့် လိုအပ်ချက်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မိမိတို့ကျောင်းအလိုက် လိုအပ်ချက်များ၊ အခက်အခဲများနှင့် လုပ်ဆောင်သင့်သည့်အချက်များကို ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး အတွက်ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ပြည်နယ်နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောက်ဖြူခရိုင်နှင့် မာန်အောင်မြို့နယ်တို့မှ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား ဆွေးနွေးဟောပြောပေးခဲ့သော စစ်တွေတက္ကသိုလ်မှ စာစစ်မှူးချုပ် (၇)ဦးအားလည်းကောင်း၊ စစ်တွေစာစစ်ဌာနတွင် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အသားဗူး၊ ခေါက်ဆွဲခြောက်၊ အသီးဖျော်ရည်၊ ကော်ဖီမစ်နှင့် စာကြည့်မီးအိမ်များ အားပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)