တောင်ဥက္ကလာပမြို့နယ်သို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ‌နေရသည့် ပြည်သူများအား တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းစီပေးအပ်

တောင်ဥက္ကလာပ ဖေဖော်ဝါရီ  ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်သို့  အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံ‌ငွေဖြင့် တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းစီပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁၄)ရပ်ကွက်၊ သစ္စာလမ်း၊ သုံးထပ်ဆောင်သာသနာ့ဗိမာန်‌တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများကို တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ချပြရှင်းလင်းကာ အားပေးစကား‌ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များက တောင်ဥက္ကလာပမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၅)ရက်နေ့အထိ အကြမ်းဖက်ဖြစ်စဉ်များ‌ကြောင့် ရောက်ရှိလာသော  ယာယီနေရပ်စွန့်ခွာ‌နေရသည့် ပြည်သူ(၁၁၃၁)ဦးအနက် (၅၆၆)ဦးအား တစ်‌ဦးလျှင် ကျပ်၂၀၀၀၀/-နှုန်းဖြင့် ငွေကျပ် ၁၁၃၂၀၀၀၀/-အား ပြည်သူများ လက်ဝယ်‌‌အရောက် ပေးအပ်ခဲ့ပြီး ကျန်ရှိနေသူပြည်သူများကိုလည်း ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်‌အောင်၊ သယံဇာတရေးရာဝန်ကြီး ဦး‌ဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးဋ္ဌေးအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ တက်ရောက်ခဲ့‌ကြသည်။ အခမ်းအနားအပြီးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းမှ နေရပ်စွန့်ခွာ‌နေရသည့် ပြည်သူများအား အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေပေးအပ်သည့်‌နေရာများသို့ လိုက်လံကြည့်ရှုအား‌ပေးခဲ့‌ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)