ကျောက်တန်း ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်း မြို့နယ်တွင် ရှေးဟောင်းသမိုင်း ဝင်ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်ကြီး၏ ယာဉ်ရပ်နားကွင်း အမှတ်(၁) တည်ဆောက်ရန် ပန္နက်တော်တင်မင်္ဂလာအခမ်းအနား၊ မုခ်ဦးတည်ဆောက်ရေးနှင့် မဟာရန်တံတိုင်း ကာရံခြင်းအတွက်အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇နာရီက ကျိုက်မှော်ဝန်း ရေလယ်စေတီတော် မြို့ဘက်ကမ်းတွင် ကျင်းပခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ကျိုက်မှော်ဝန်းရေလယ်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများဖြစ်ကြသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တစန္တိမာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ ကျောက်တန်းမြို့ဆင်ကန်ရပ်ကွက်၊ စိတ္တသုခ ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တပညာ၊ စံချိန်မှီရပ်ကွက် ဓမ္မသိင်္ဂီပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဦးဥတ္တမသာရ (မဟာသဒ္ဓမ္မ ဇောတိကဓဇ)၊ နိုင်ငံတော်သြဝါဒါစရိယ ကန်ပြောင်ကျေးရွာ အရှေ့ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တသုန္ဒရ (အဘိဓဇအဂ္ဂ မဟာသဒ္ဓ မဇောတိက)နှင့် အလှူရှင်ဦးမြင့်သန်း၊ ဦးမြင့်သိန်းနှင့်ဦးအေးနိုင်ဦးတို့မှ ပန္နက်တိုင်ကိုင်ပေးပြီး၊ ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဘုန်းခန့်အောင်၊ ရှေးဟောင်း သမိုင်းဝင်ကျိုက်မှော်ဝန်းရေလယ်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဥက္ကဋ္ဌဦးလှသွင်နှင့်ဦးဌေးညွန့် တို့မှပန္နက်ရိုက်ပေးခဲ့ကြသည်။
ထို့နောက် ဒုတိယပိုင်းအစီစဉ်အနေဖြင့် ခြံစည်းရိုးမဟာတံတိုင်း အလှူရှင်များမှ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးဘုန်းခန့်အောင်၊ လက်ခံရယူပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်းသိရသည်။
နေလင်းကျော် (ပြန်/ဆက်)