မော်လမြိုင် ဖေဖော်ဝါရီ ၂၂
နိုင်ငံသားတိုင်းအနေဖြင့် ဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်ရန်အတွက် ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ သင်တန်းသား၊ သင်တန်းသူများအား ဥပဒေအသိပညာရရှိစေရန် ဥပဒေဘာသာရပ်ကို သင်ကြားပို့ချခဲ့သည်။
ဥပဒေဘာသာရပ်သင်ကြားပို့ချရာတွင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့်အပြင် နိုင်ငံသားတိုင်းအနေဖြင့် သိရှိလိုက်နာစောင့်ထိန်းကြရမည့် သတ်မှတ်ပြဋ္ဌာန်းချက် ကျင့်စဉ်ကြီးတစ်ခုပင်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကထုတ်ပြန်ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေကို လေးစားလိုက်နာကြပြီး ဥပဒေနှင့်ငြိစွန်းနိုင်သည့်ကိစ္စရပ်များကို အထူးအလေးထား ရှောင်ရှားကြရမည်ဖြစ်ကြောင်း၊ ဥပဒေအသိပညာပြန့်ပွားရခြင်းမှာ နိုင်ငံသားတိုင်း ဥပဒေအသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဥပဒေအသိအမြင်ရှိသူများ ပိုမိုပေါ်ထွန်းလာစေရေးတို့အတွက် ဥပဒေအသိပညာဗဟုသုတများ ပွားများစေရန် ဥပဒေဆိုတာဘာလဲ၊ တရားဥပဒေအရေးကြီးပုံ၊ ကျင့်ဝတ်၊ စည်းကမ်း၊ ဓလေ့ထုံးစံ၊ ဥပဒေအမျိုးအစားများအကြောင်း၊ ကမ္ဘာကြီးတွင် ဥပဒေအရေးပါမှု၊ သိမှတ်ဖွယ်ရာဥပဒေရေးရာအဖြာဖြာတို့ကို ရုပ်ပြသရုပ်ဖော်ရုပ်ပုံများအကြောင်း၊ ဥပဒေပြုခြင်း၊ ဥပဒေပြဋ္ဌာန်းခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ် အကြောင်းတို့ကို အသိပညာပေး ဟောပြောသင်ကြားပေးခဲ့ပြီး ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းစာကြည့်တိုက်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် စာအုပ်များအား ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ဒုတိယပြည်နယ်ဥပဒေအရာရှိ ဒေါ်တင်နီလာခိုင်က ရွေးကောက်ပွဲဆိုင်ရာဥပဒေ အကြောင်းအရာများကို ရှင်းလင်းသင်ကြားပို့ခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မွန်ပြည်နယ်ဥပဒေချုပ်ရုံးမှ ပြည်နယ်ဥပဒေအရာရှိ၊ ဒုတိယပြည်နယ် ဥပဒေအရာရှိ၊ လက်ထောက်ပြည်နယ် ဥပဒေအရာရှိများ၊ ပညာရေးဒီကရီကောလိပ်မှ ဒုတိယကျောင်းအုပ်ဆရာမကြီးနှင့် ဌာနမှူးများ၊ ကထိက၊ လက်ထောက်ကထိကများ နည်းပြဆရာမများ၊ ဆရာဖြစ်သင်တန်း တက်ရောက်နေသော ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ် သင်တန်းသား၊ သင်တန်းသူ (၆၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)