ရန်ကုန် ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ ပြောင်း ရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားသို့ ကမာရွတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြသည်။
ဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝေက နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ကျပ်၂၀၀၀၀ နှုန်းဖြင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများလက်ဝယ်အရောက် ပေးအပ်ကြောင်း သိရသည်။
ဗဟန်းမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူ (၄၃၂) ဦးရှိရာ ကျန်ရှိနေသူများကိုလည်း လက်ဝယ်အရောက် ဆက်လက်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)