မက်မန်းမြို့နယ်၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားကွင်းဆင်းကြည့်ရှုစစ်ဆေး

မက်မန်း     ဇန်နဝါရီ   ၂၂

ရှမ်းပြည်နယ်၊ “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြစိမ်းရောင်အတိုးရငွေ ၆ ဒဿမ ၉ သန်းဖြင့် ဆောင်ရွက်သည့် အေးကျန့်အုပ်စု ကွန်ဟောင်း ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းကြည့် ရှုစစ်ဆေးခဲ့သည်။

 ၂၀၁၈-၂၀၁၉ စီမံကိန်းနှစ် သတ္တမစက်ဝန်းတွင် မြစိမ်းရောင်ချေးငွေ သိန်း ၃၀၀ ကျပ်ကို စတင်ထုတ်ချေးခဲ့ရာ အတိုးရရှိငွေမှာ ၁၃၄၈၁၂၀၀ ကျပ် စုစုပေါင်း ၄၃၄၈၁၂၀၀ ကျပ်ရရှိခဲ့ပြီး အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြင့် အရှည် ၁၁၅ ပေ၊ အကျယ် ၁၂ပေ၊ ထု ၆ လက်မရှိ ရွာတွင်းကွန်ကရစ်လမ်းကို မက်မန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးကြပ်၍ ကွန်ဟောင်းကျေးရွာ ကျေးရွာသူ/ ကျေးရွာသားများမှ စုပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက အေးကျန့်အုပ်စု၊ ကွန်ဟောင်းကျေးရွာမှ အိမ်ခြေ ၈၀၊ လူဦးရေ ၂၄၇ ဦးတို့ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

 အေဇက်ထွန်း(မက်မန်း)