လှိုင် ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်အတွင်း ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းစီ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက လှိုင်စင်တာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများတက်ရာက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ရန်ပုံငွေများကို ပေးအပ်ရာတွင် သက်ဆိုင်ရာ နယ်မြေအလိုက် ယာယီနေရပ်စွန့်ခွာနေရသူများ အားလုံးပါဝင်မှုရှိစေရေး စာရင်းတွင် မပါဝင်ဘဲ ကျန်နေခဲ့ရသူများမရှိစေရေး စနစ်တကျ ထိထိရောက်ရောက် ပေးအပ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် တစ်လငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယခုလှိုင်မြို့နယ်အတွင်း လာရောက်နေထိုင်သည့် အမှန်တကယ် နေရပ်စွန့်ခွာပြည်သူများ လက်ဝယ်သို့ မှန်ကန်မြန်ဆန်စွာရောက်ရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာန၊ ခရိုင်/မြို့နယ်အလိုက် ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ရန်ပုံငွေပေးအပ်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀ဝ နှုန်းဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး၊ ယနေ့အခမ်းအနားတွင် လှိုင်မြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ လာရောက်နေထိုင်သူ အိမ်ထောင်စု(၄၇၉)စုမှ လူဦးရေ (၁၉၉၀)ဦးအတွက် ငွေကျပ် ၃၉၈၀၀၀၀၀ ကို ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဇော်ဇော်နိုင်(ပြန်/ဆက်)