ဒလမြို့နယ်တွင် ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်

ဒလ ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဖေဖော်ဝါရီ (၂၀)ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ထောက်ပံ့ရေးအဖွဲ့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်က အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် ဒလမြို့နယ်အတွင်းသို့ နေရပ်စွန့်ခွာလာကြတဲ့ မိဘပြည်သူများအတွက် နိုင်ငံတော်မှ ကူညီပံ့ပိုးခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု (၆၄)စု၊ လူဦး‌ရေ (၁၇၉)ဦးကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အေးချမ်းသာယာပြီး ပိုမိုကောင်းမွန်သော လူနေမှုဘဝများဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိုလည်း ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် ယနေ့တွင်အိမ်ထောင်စု (၃၉)စု လူဦးရေ (၉၀)ဦးအတွက် စုစုပေါင်းငွေကျပ် (၁၈၀၀၀၀၀/-)သိန်းအား အဖွဲ့ (၄)ဖွဲ့ဖြင့် ပြည်သူများလက်ဝယ်သို့ ပေးအပ်ခဲ့ကြပြီး ကျန်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူ (၈၉)ဦးအတွက် ဆက်လက်ပေးအပ်နိုင်ရေး စိစစ်ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းသိရသည်။ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယာယီနေရပ်စွန့်ခွာခဲ့ကြသည့်ပြည်သူများ စုစုပေါင်းအင်အား (၁၅၀)ဦး တက်ရောက်ခဲ့ကြသည်။

အေးမြမိုး(ပြန်/ဆက်)