တံတားဦး ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍားရေးနှစ် ပြည်ထောင်စု(လမ်းပြင်ဆင်ထိန်းသိမ်းခြင်း) ရန်ပုံငွေဖြင့် ဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိသော သားများဘကျေးရွာအဝင်လမ်း (0km-2km)အတွင်း လမ်းတာဘောင်ပျက်စီးသောအပိုင်းများအား ဂျင်းခင်းပြုပြင်ခြင်း (0.26kmx 4.57m x100mm) လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ကျောက်ဆည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ တံတားဦးမြို့နယ်တာဝန်ခံ ဒေါ်သန္တာဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးမှ လမ်းများရေရှည်တည်တံ့ခိုင်မာရေး၊ လုပ်ငန်းများကိုစနစ်တကျဆောက်လုပ်ရေး၊ သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေးတို့ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါလမ်းမှာ သားများဘကျေးရွာအနီးရှိ ကျေးရွာ(၃)ရွာမှ အိမ်ခြေ(၅၁၈)အိမ်၊ လူဦးရေ(၂၃၇၇)ဦးတို့အား ပညာရေး၊ ကျန်းမာရေး၊ ကုန်စည်စီးဆင်းရေးတို့ကို အလွယ်တကူ သွားလာလျက်ရှိကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)