"ရွှေကျီးမြင်" စေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ရန် တပ်မတော် (ကြည်း၊ရေ၊လေ) အရာရှိ/စစ်သည်မိသားစုများက ရွှေစင်ရွှေသား ၂၀ ကျပ်သား လှူဒါန်း

အောင်မြေသာစံ ဖေဖော်ဝါရီ ၂၁

မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ "ရွှေကျီးမြင်" စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်လျက်ရှိရာ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ/စစ်သည် မိသားစုများက ရွှေစင်ရွှေသား ၂၀ ကျပ်သား လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ရွှေကျီးမြင်ဘုရားဝန်းအတွင်းရှိ ရွှေကျီးသာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေကျီးမြင်မြတ်စွာဘုရား၏ ဩဝါဒါစရိယ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မှန်ကင်းပဇ္ဇောတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဣဒ္ဓိကာဘိဝံသ၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ခင်မကန်တိုက်၊ ကထိန်တော်ကျောင်း ဆရာတော် ဘဒ္ဒန္တပညာသိရီဘိဝံသနှင့် ပင်သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြကာ ဆရာတော် ဘဒ္ဒန္တဣဒ္ဓိကာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်က တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ/ စစ်သည်မိသားစုများက လှူဒါန်းသည့် ရွှေစင်ရွှေသား ၂၀ ကျပ်သားကို လှူဒါန်းရာ ခရိုင်အုပ်ချုပ်‌ရေးမှူး ဦးအောင်ဆွေနှုင့်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွန်းတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်သည်။

၎င်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ဆရာတော် ဘဒ္ဒန္တပညာသိရီဘိဝံသထံမှ ရေစက်ချတရား နာယူခဲ့ကြပြီး “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)