ဒက္ခိဏသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးစေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၁

ပြည်ထောင်စု‌နယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်နေပြည်သူများ စာကြည့်တိုက်များဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို သိရှိလာစေရန် ရည်ရွယ်၍ ယ‌နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ရန်အောင်မြင်အုပ်စု၊ ပေါက်တောကျေးရွာ၊ မြတ်ဆုမွန်စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များရေရှည်ရှင်သန်ဖွံ့ဖြိုးစေရေး အသိပညာပေးဟောပြောပွဲကို ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံး ‌ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဒက္ခိဏခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများနှင့် ရပ်/ကျေးအုပ်ချုပ်‌ရေးအဖွဲ့ဝင်များ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ‌ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ရပ်ကွက်၊ ကျေးရွာနေပြည်သူများနှင့် ကျောင်းသားလူငယ်များကို ပညာဗဟုသုတများတိုးပွားရေးအတွက် စာကြည့်တိုက်များကို နိုင်ငံတော်၏လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် စာကြည့်တိုက်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်ဖောင်ဒေးရှင်းနှင့် ချိတ်ဆက်ကာ ပရိဘောဂနှင့် စာအုပ်စာစောင်များတိုးပွားရရှိရေး စဉ်ဆက်မပြတ် ဆောင်ရွက်‌နေမှုများနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

ယင်းနောက် နေပြည်တော်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာက လူငယ်နှင့် အခွင့်အရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က အနာဂတ်နိုင်ငံတော်အား ဦးဆောင်ဦးရွက်ပြုကြသည့်အချိန်၌ ပညာပြည့်ဝနှလုံးလှသူများ၊ နိုင်ငံ့ခေါင်းဆောင်ကောင်းများ ဖြစ်စေရေးအတွက် ယခုအချိန်ကတည်းက စာအုပ်၊ စာပေများ ဖတ်ရှုရန်လိုအပ်ကြောင်း၊ စာပေ၌မွေ့လျော်ခြင်းသည် မိမိတို့၏ဘဝ၊ မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့၏ အနာဂတ်နိုင်ငံတော်အတွက် တစ်ဖက်တစ်လှမ်းက အကျိုးပြုတည်ဆောက်ခြင်းဖြစ်ကြောင်း အသိပညာပေးဟောပြောသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာန်ရှိသူများနှင့် နေပြည်တော် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက စာကြည့်တိုက်များ ရေရှည်ရှင်သန်ရေးအတွက် စာအုပ်၊ စာစောင်များကို ပေးအပ်ရာ စာကြည့်တိုက်တာဝန်ခံမှ လက်ခံရယူသည်။

ယင်းနောက် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အောင်သူရဦး (ပြန်/ဆက်)