မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မော်လမြိုင်မြို့နယ်ရှိ သွင်းအားစုအရောင်းဆိုင်များနှင့် တန်(၉ဝ)ကျ ဆန်စက်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး

မော်လမြိုင် ဖေဖော်ဝါရီ ၂၁

မွန်ပြည်နယ် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာတို့မှ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ်ရှိ မွန်ရာဇာ၊ သင်္ဂဟ၊ စံတော်ဦးမြေဩဇာအရောင်းဆိုင်များသို့ သွားရောက်၍ မြေဩဇာရောင်းချမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အရောင်းဆိုင်များအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းသုံးသွင်းအားစုများ ဝယ်ယူဖြန့်ဖြူးရောင်းချရေးကော်မတီမှ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း သွင်းအားစုများ ရောင်းချသည့် ဒေသအလိုက် လက်ကားဒိုင်များနှင့် အရောင်းဆိုင်များအား သက်ဆိုင်ရာဒေသအလိုက် သယ်ယူစရိတ်နှင့် အမြတ်ရာခိုင်နှုန်းကို ထည့်ပေါင်းပြီး ရောင်းချနိုင်ရေး၊ အရည်အသွေမှန်ကန်မှုရှိပြီး ဈေးနှုန်းကစားခြင်း မရှိစေရေး ကြီးကြပ်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ်၊ ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ တန်(၉ဝ)ကျ ဆန်ဖြူစက်နှင့် တန်(၁၂၀)ကျ အခြောက်ခံစက်သို့ သွားရောက်ကြည့်ရှုပြီး စက်ရုံတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးမေးမြန်းခဲ့သည်။

ထို့နောက် ရွှေမြိုင် ဆန်စက်အား ၂၀၂၄ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်လည်ပတ်ခဲ့ပြီး ဒေသတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုလျက်ရှိကြောင်း သိရှိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)