တိုက်ကြီးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး

တိုက်ကြီး ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီးမြို့၊ ဥက္ကံမြို့၊ အဖျောက်မြို့များရှိ ‌ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာအထက်တန်းကျောင်းများ၊ ဈေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက်ပိုင်းမှစ၍ ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်‌ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဇော်ချစ်ထက် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဥက္ကံမြို့နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်ခန့်ကျော် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အဖျောက်မြို့နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသန်းဇော် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မြို့အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအထောက်အကူပြု အဖွဲ့များနှင့်အတူ ‌ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာအထက်တန်းကျောင်းများနှင့် ဈေးများတွင် လျှပ်စစ်မီးအသုံးပြုရာတွင် စနစ်တကျရှိစေရေး၊ မီးသတ်ပစ္စည်းကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးနှင့် မီးသတ်ရေလှောင်ကန်များ ရေလုံလောက်စွာဖြည့်တင်းထားရှိရေး စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

တိုက်ကြီးခရိုင်အတွင်း တိုက်ကြီးမြို့၊ ဥက္ကံမြို့နှင့် အဖျောက်မြို့အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ပြည်သူများထံသို့ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းမီးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကိုလည်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)