မိုင်းတုံ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမ၌ ကျိုင်းတုံမြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ နယ်လှည့်ကွင်းဆင်းအခမဲ့ ဆေးကုသပေးခြင်းကို ၂၀၂၅ ခုနှစ်၊ ယနေ့နံနက် ၈ နာရီအချိန်က စတင်ကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးကုသပေးခြင်းတွင် မိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က ကြီး၊ လတ်၊ ငယ်အရွယ်မရွေး ပြည်သူအားလုံး ရောဂါပေါင်းစုံ အခမဲ့ဆေးကုသနိုင်ရန် ရည်ရွယ်၍ ကျိုင်းတုံမြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာတိုးမောင်နှင့် ချိတ်ဆက်ပူးပေါင်း၍ ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ နယ်လှည့်ကွင်းဆင်း အခမဲ့ဆေးကုသပေးရေး ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းဆေးကုသပေးခြင်းလုပ်ငန်းတွင် ရောဂါအထူးကု၊ သွားနှင့်ခံတွင်း၊ သားဖွားမီးယပ်၊ ကင်ဆာရောဂါ၊ အထူးခွဲစိတ်၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး၊ ကလေးအထူးကု၊ အထူးကုအရိုး၊ မျက်စိ၊ စိတ်ကျန်းမာရေး၊ နားနှင့် နှာခေါင်း၊ အထွေထွေရောဂါကုသခြင်းများကို သူ့ကဏ္ဍအလိုက် စီစဉ်ပေးထားပြီး ကုသပေးနေမှုကို ပြည်နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ တိုးမောင်က မိုင်းတုံ အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထင်ကျော်နှင့် အဖွဲ့များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်နှင့်အဖွဲ့များကို ဆေးကုနေမှုကဏ္ဍအလိုက် ရှင်းလင်းပေးပြီး အခမဲ့ဆေး ကုသမှုကာလကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁/၂၂) နှစ်ရက်တာ ကုသပေးသွားမှာဖြစ်ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)