ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများသို့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ထန်းတပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထပ်ဆင့်ရှင်းလင်းပွဲတွင် မှော်ဘီခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်က အမှာစကားပြောကြားခဲ့ပြီး မှော်ဘီခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဒေါ်အေးအေးချိုက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများကိုရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက မိမိတို့သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်၍ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ မှော်ဘီခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)