မိုင်းရှူး ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၁၃၈၅ ခုနှစ် (၃၂)ကြိမ်မြောက်၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော်တွင် အောင်မြင်ခဲ့သော ရှင်သာမဏေ (၅၀၄)ပါးအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က ဟံသာမုနိဘုရားကြီးကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ယင်း ဆုနှင်းသဘင်ချီးမြှင့်ပွဲအခမ်းအနားကို မိုင်းရှူးမြို့နယ် သံဃာ့နာယကအဖွဲ့နှင့် မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များ ဦးဆောင်၍ ရပ်နီးရပ်ဝေး ဒါယကာ၊ ဒါယိကာမတို့ စုပေါင်းပါဝင်လှူဒါန်းမှုဖြင့် ၁၃၈၆ ခုနှစ်၊ (၃၃)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် ကျင်းပခဲ့ရာ ယခင်နှစ်(၁၃၈၅ခုနှစ်) (၃၂)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော်တွင် အောင်မြင်ခဲ့သော ရှင်သာမဏေအခြေပြု (မူကြို-၁၀၁ ပါး၊ ပထမနှစ်-၁၈၈ ပါး၊ ဒုတိယနှစ်-၁၄၇ ပါး၊ တတိယနှစ်-၆၈ပါး)၊ စုစုပေါင်းအရှင်သာမဏေ(၅၀၄)ပါးအား တာဝန်ရှိ ဆရာတော်က ဆုများချီးမြှင့်ခဲ့ပြီး ကောင်းမှုကုသိုလ်အစုစုအတွက် ရေစက်ချတရားနာယူကြသည်။
အဆိုပါ ဆုနှင်းသဘင်ချီးမြှင့်ပွဲအခမ်းအနားတွင် အမှတ်(၁)လှူပ်ရှား စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ခိုင်မြတ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် အဖွဲ့ဝင်များနှင့် ရပ်နီးရပ်ဝေး ဒါယကာ၊ ဒါယိကာမ တက်ရောက်ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)