မွန်ပြည်နယ်ဝန်ကြီးချုပ် ပေါင်မြို့နယ်၊ ကော့ထော်ကျေးရွာ “အလင်းပြ”စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားနှင့် ကျခတ်ငူကျေးရွာငါးခြောက်သိုလှောင် အ‌အေးခန်းသွားရောက်စစ်ဆေး

ပေါင် ဖေဖော်ဝါရီ ၂၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကော့ထော်ကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်လှူဒါန်းမှုနှင့် ကျေးရွာနေပြည်သူများ စုပေါင်းလှူဒါန်းမှုတို့ဖြင့် တည်ဆောက်ထားသည့် “အလင်းပြ” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်အဆောက်အဦသစ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ လူမှုရေးရာဝန်ကြီးဦးစောကြည်နိုင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းနှင့် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်တို့က “အလင်းပြ” စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်က ရိုးရာဒိုးပတ်အဖွဲ့အား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စာကြည့်တိုက်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ စာကြည့်တိုက်အတွင်း သုတ၊ ရသစာအုပ် စာစောင်များအား လေ့လာဖတ်ရှုနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း ယနေ့ခေတ်ကျောင်းသား လူငယ်များ စာအုပ်စာပေများကို အလွယ်တကူစာပေဖတ်ရှု လေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့်အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များ တိုးချဲ့ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ စာပေမြင့်မှ လူမျိုးတင့်သည် ဆိုသကဲ့သို့ စာပေနှင့်လူသည် ကင်းကွာ၍မရနိုင်သဖြင့် စာဖတ်သည့်အလေ့ အကျင့်ကောင်းများ ရှင်သန်ခိုင်မာဖို့လေ့ကျင့်ပျိုးထောင်ပေးကြဖို့လိုပါကြောင်း၊ ပြည်သူများစာဖတ်သည့်အလေ့အကျင့်ကောင်းများ စွဲမြဲလာစေရေးနှင့် စာကြည့်တိုက်ကို အသုံးပြုကြစေရန်နှင့် စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းစောင့်ရှောက်သွားကြရန် လိုအပ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် “အလင်းပြ” စာကြည့်တိုက်အတွက် အလှူရှင်ဖြိုး‌ဆောက်လုပ်ရေး‌ကုမ္ပဏီက ငွေကျပ်သိန်း(၁၀၀)ကိုလည်းကောင်း၊ ဦးကိုကိုဟိန်းမိသားစုက ငွေကျပ်(၂၁)သိန်းကိုလည်းကောင်း၊ ‌ကော့ထော်ကျေးရွာသူ/သားများက ငွေကျပ်(၈)သိန်းကိုလည်းကောင်း၊ မွန်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ စာအုပ်စာစောင်(၄၀)အုပ်ကိုလည်း‌ကောင်း၊ ဝရဇိန်သတင်းအေဂျင်စီက စာအုပ်(၁၁၄)အုပ်ကိုလည်းကောင်း ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ စာကြည့်တိုက်အဆောက်အဦနှင့်ပတ်သက်သည့် အချက်အလက်များအား ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးဦးညွန့်နိုင်က လွှဲပြောင်းပေးအပ်ရာ စာကြည့်တိုက်တာဝန်ခံတစ်ဦးက လက်ခံရယူပြီးကျေးရွာရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 အဆိုပါ အလင်းပြစာကြည့်တိုက်ကို မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်လှူဒါန်းသည့် ငွေကျပ်သိန်း(၁၅၀)နှင့် ကော့ထော်ကျေးရွာ‌‌ စေတနာရှင် အလှူရှင်များက လှူဒါန်းငွေကျပ်(၁၂၉)သိန်း စုစုပေါင်းကျပ်(၂၇၉)သိန်းဖြင့် အလျား(၂၀)ပေ၊ အနံ(၂၀)ပေ၊ အုတ်ကာသွပ်မိုး၊ တစ်ထပ်အဆောက်အဦဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်မြို့နယ် ကျခတ်ငူကျေးရွာရှိ ဦးမောင်လှ ငါးခြောက်သိုလှောင်အအေးခန်းသို့ရောက်ရှိပြီး အအေးခန်းအတွင်း ငါးခြောက်၊ ပုဇွန်ခြောက် သိုလှောင်ထားရှိမှု၊ သီးနှံပင်များ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ သီးနှံများနှင့် သားငါး၊ လုပ်ငန်းရှင်များမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်နှင့် အေးခဲခန်း(Freezer)များကိုလည်း တည်ဆောက်လည်ပတ်စေပြီး ပြည်ပပို့ကုန်တင်ပို့နိုင်ရန်အတွက် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

မွန်မလေး (ပြန်/ဆက်)