ဟိုပုံးမြို့နယ် စအွန်ကျေးရွာရှိ လင်းရောင်ခြည်စာကြည့်တိုက် ရှင်သန်ခိုင်မာစေရေး စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံ

ဟိုပုံး ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စငေါကျေးရွာအုပ်စု၊ စအွန်ကျေးရွာရှိ လင်းရောင်ခြည်စာကြည့်တိုက် ရှင်သန်ခိုင်မာစေရေး စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထများဖြစ်ပေါ်လာစေရန်၊ ရရှိလာမည့် အသိဉာဏ်ဗဟုသုတများကို အရင်းအနှီးပြု၍ ဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာသည့် အလေ့အကျင့်ကောင်းများဖြစ်လာစေရန်နှင့် စာကြည့်တိုက်အား အကျိုးရှိစွာအသုံးချစေရန် စာကြည့်တိုက်ကော်မတီဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ စံ(၅)ရပ်ညီ စာကြည့်တိုက်ဖြစ်စေရေးနှင့် စာကြည့်တိုက်အဆောက်အဦနှင့် စာအုပ်စာစောင်များကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြရန် ဆွေးနွေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထိုသို့ဆွေးနွေးရာတွင် လင်းရောင်ခြည်စာကြည့်တိုက် စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးခွန်ပန်းအောင်က စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ကျေးရွာနေ ရပ်မိ/ရပ်ဖများနှင့်ပူးပေါင်း၍ စာအုပ်/စာစောင်တိုးပွားရရှိရေး ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ စာကြည့်တိုက်မှူး စိုင်းဟန်ညိုက ကျေးရွာရှိ လူငယ်များပူးပေါင်း၍ စာကြည့်တိုက်ပညာဆွေးနွေးပွဲများဆောင်ရွက်ခြင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာစေရန် စာကြည့်တိုက်ဖွင့်လှစ်ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ စအွန်ကျေးရွာအုပ်ချုပ်ရေးမှူးက စာကြည့်တိုက်ခန်းမအတွင်း ရပ်ရွာသာရေး/နာရေးကိစ္စရပ်များကို စည်းဝေးတိုင်ပင်ရာနေရာအဖြစ် အသုံးချသွားမည့် အစီအစဉ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)