တပ်ကုန်းမြို့၌ မြို့နယ်ဂီတအစည်းအရုံးအဖွဲ့မှ ဦးဆောင်၍ သီချင်းဆိုပြိုင်ပွဲနှင့် စျေးရောင်းပွဲကျင်းပ

တပ်ကုန်း ဖေဖော်ဝါရီ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မြို့နယ်ဂီတအစည်းအရုံးအဖွဲ့မှ ဦးဆောင်၍ သီချင်းဆိုပြိုင်ပွဲနှင့် စျေးရောင်းပွဲကျင်းပလျက်ရှိရာ ယမန်နေ့ ညနေ ၆ နာရီခွဲက မြို့နယ်အောင်ဆန်းခန်းမတွင် သီချင်းဆိုပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပြိုင်ပွဲ ပထမရက်တွင် ပြိုင်ပွဲဝင် (၁၁) ဦး၊ ဒုတိယရက်တွင် (၁၂) ဦး၊ တတိယရက်တွင် (၁၀) ဦး ယှဉ်ပြိုင်ခဲ့ရာ နေပြည်တော်လွန်းမိုးနှင့်အဖွဲ့က အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး၊ ဂီတမှူး ဦးဇော်လွင်နှင့်အဖွဲ့က ဒိုင်အဖြစ် ဆောင်ရွက်ကာ အမှတ်ပေးအကဲဖြတ်၍ ဆန်ကာတင် (၁၂) ဦး ရွေးချယ်ခဲ့ပြီး၊ ဆန်ကာတင် (၁၂) ဦးကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ဆက်လက်ယှဉ်ပြိုင်ပြီး ဆုများ ချီးမြှင့်ပေးအပ်မည်ဖြစ်သည်။

စျေးရောင်းပွဲတွင် လူသုံးကုန်ပစ္စည်း၊ မီးဖိုချောင်သုံးကုန်ပစ္စည်း၊ အစားအသောက်နှင့် ကလေးကစားစရာအမျိုးမျိုးတို့ဖြင့် စည်းကားသိုက်မြိုက်စွာကျင်းပကြောင်း၊ တပ်ကုန်းမြို့နယ်အတွင်း ရွက်ပုန်းသီးအဆိုပညာရှင်များ ပေါ်ထွက်လာစေရေးနှင့် အသက်မွေးဝမ်ကျောင်း အဆိုပညာရပ်များဖြင့် စည်းဝါးမှန်ကန်စွာ သီဆိုနိုင်ရေးနှင့် တစ်ဘက်တစ်လမ်းမှ ဝင်ငွေရရှိစေရန်ရည်ရွယ်၍ မြို့နယ်အဆင့်အဆိုပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း  မြို့နယ်ဂီတအစည်းအရုံးဥက္ကဋ္ဌထံမှ သိရသည်။

တင်စိုးလွင်