ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားတက်ရောက်

စစ်တွေ  ဖေဖော်ဝါရီ  ၂၁

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအရ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌများသို့ ဘဏ္ဍာငွေ ခွင့်ပြုမိန့်များထုတ်ပြန်ပေးရန်ဆုံးဖြတ်၍ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်း ကော်မတီမှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ငွေကျပ် ၂၆၂ ဒသမ ၆၄ သန်းလွှဲပြောင်းပေးခဲ့ကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့သည့်ငွေများအား ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာပြည်သူ(၁)ဦးလျှင် တစ်လငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်း လူဦးရေ (၁၃၁၃၂)ဦးအတွက် တစ်လစာစုစုပေါင်းငွေကျပ် ၂၆၂ ဒသမ ၆၄ သန်းအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ပြည်နယ်အတွင်း လတ်တလောလုံခြုံရေးအခြေ အနေအရ နေရပ်စွန့်ခွာသူစာရင်းအား နေ့စဉ်တင်ပြလျက်ရှိရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မိမိမြို့နယ်အတွင်း ရောက်ရှိ ခိုလှုံလာသော နေရပ်စွန့်ခွာသူများ ကျန်ရှိမှုမရှိစေရေး စာရင်း၊ ဇယားအချက်အလက်များ နေ့စဉ်ပြုစုတင်ပြရန်၊ ထောက်ပံ့ငွေများအား ပြည်သူတစ်ဦးချင်းဆီသို့ ရောက်ရှိစေရေးကြီးကြပ် ဆောင်ရွက်ရန်နှင့် ထောက်ပံ့ငွေများအား မလိုအပ်သောနေရာများတွင် သုံးစွဲခြင်းမပြုဘဲ နေရပ်စွန့်ခွာပြည်သူများ၏ စားဝတ်နေရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များတွင် အသုံးပြုသုံးစွဲသွား ကြရန်ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေခရိုင်အုပ်ချုပ်ရေးမှူးနှင့် ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးတို့အားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဆွေဆွေမြတ်က ကျောက်ဖြူမြို့နယ်တွင် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများကိုယ်စား ကိုယ်စားလှယ် (၂)ဦးတို့အားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က မာန်အောင်မြို့နယ်တွင် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများ ကိုယ်စားကိုယ်စားလှယ်(၂) ဦးတို့အားလည်းကောင်း ထောက်ပံ့ငွေများကို ပေးအပ်ကြသည်။

ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်အသီးသီးတွင် ယာယီနေရပ်စွန့်ခွာနေထိုင်ကြသည့် ပြည်သူများကိုယ်စား ကိုယ်စားလှယ်(၂) ဦးအား လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက  ယာယီနေရပ်စွန့်ခွာ ဘင်္ဂါလီလူမျိုးများကိုယ်စား ကိုယ်စားလှယ်(၂) ဦးအားလည်းကောင်း ထောက်ပံ့ငွေများကို ပေးအပ်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများအား အခမ်းအနားသို့တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)